တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ် လက်မှတ်ရေးထိုးခြင်း ၆ နှစ်ပြည့် နှစ်ပတ်လည် အခါသမယတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ အားလုံးနှင့် ပြည်သူလူထုများအား ခြွင်းချက်မရှိ လွှတ်ပေးပြီး လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းဖြေရှင်းကြရန် အဖွဲ့အစည်း အားလုံးကို NCA-S EAO များက တိုက်တွန်းခဲ့သည်။
.
ယနေ့ အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်သည့် NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S EAO)က ကြေညာချက် ထုတ်၍ တောင်းဆိုခြင်း ဖြစ်သည်။
.
ယင်းအဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် နိုင်ငံရေး ရည်မှန်းချက် ၇ ရပ်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်းနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအပေါ် ကြိုးပမ်းဆောင်ရွက်မှုကို ကြိုဆိုကြောင်းကိုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
.
ထို့အတူ စစ်ဘေးရှောင်များ အပါအဝင် ပြည်သူလူထုအတွက် လူသားချင်း စာနာမှု အထောက်အပံ့များ ကူညီနိုင်ရေး နှင့် COVID-19 ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက် ကြိုးပမ်း ဆောင်ရွက်မည်
.
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ NCA-S EAO အဖွဲ့ဝင် ၁၀ ဖွဲ့မှာ KNU ၊ RCSS/SSA ၊ PNLO ၊ CNF ၊ ABSDF ၊ ALP ၊ DKBA ၊ KNU/KNLA-PC ၊ NMSP နှင့် LDU တို့ ဖြစ်သည်။
.
NCA လက်မှတ်ရေးထိုးခြင်း ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တွေ့ဆုံပွဲအခမ်းအနားကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ အကျဉ်းချုပ် ကျင်းပသွားမည် ဖြစ်ကြောင်းလည်း သိရသည်။