ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် ၆ ခုကို ယနေ့ အောက်တိုဘာလ ၁၉ ရက်မှ နိုဝင်ဘာလ ၂ ရက်အထိ Local Semi-Lockdown သတ်မှတ်ထားကြောင်းသိရသည်။
.
ဟိုပုံးမြို့ပေါ် ၆ ရပ်ကွက်တွင် လက်ရှိအချိန်၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအများဆုံး တွေ့ရှိနေရသဖြင့် ရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် စောင့်ကြည့်ထိန်းချုပ်ရန်လိုအပ်ကြောင်း တွေ့ရှိရသည့်အတွက် ယင်းနယ်နမိတ်ဧရိယာအား Local Semi-lockdown အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
"COVID-19 ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး Local Semi-lockdownသတ်မှတ်လိုက်တာပါ။ နိုဝင်ဘာလ ၂ ရက်အထိဆိုပေမဲ့ ရောဂါထိန်းချုပ်နိုင်မှုအပေါ်မူတည်ပြီး ထပ်တိုးတာတွေ၊ ဘာတွေရှိနိုင်ပါတယ်"ဟု ပုံးမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါဧရိယာအတွင်း နေထိုင်သူများအနေဖြင့် မဖြစ်မနေအပြင်ထွက်ရပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ အပြင်ထွက်ခွင့်ကတ်ပြားရယူ၍ တစ်အိမ်လျှင် တစ်ဦးသာ ထွက်ရမည်ဖြစ်ကြောင်း၊ နေ့လည် ၁ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်ပြင်ပသို့ လုံးဝထွက်ခွာခြင်း မပြုလုပ်ရန်နှင့် ဆေးရုံဆေးခန်းသွားရောက်ပါက အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား၍ ယာဉ်မောင်း ၁ ဦးအပါအဝင် ၃ ဦးသာ သွားရောက်ရမည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဖြစ်ကြောင်း၊ နေ့လည် ၁ နာရီမှစ၍ ဆေးဆိုင်များ၊ ဆေးခန်းများ၊ စက်သုံးဆီဆိုင်များမှအပ ကျန်ဈေးဆိုင်အားလုံး ပိတ်သိမ်းထားရမည်ဖြစ်ကြောင်း သိရသည်။
.
အလားတူ ဟိုပုံးမြို့မဆည်နှင့် နောင်ဘိုကန်အနီးတွင် Local Semi-lockdown ကာလအတွင်း ရေချိုးခြင်း၊ ရေကူးခြင်း၊ ငါးမျှားခြင်း၊ လည်ပတ်ခြင်းတို့ကို ကန့်သတ်ထားကြောင်း၊ အခြားမြို့နယ်များမှ ဟိုပုံးမြို့ပေါ်ဖြတ်သန်းမောင်းနှင်မည့် မော်တော်ယာဉ်များအားလုံး ဟိုပုံးမြို့ပေါ်၌ လုံးဝရပ်နားခွင့်ပြုမည်မဟုတ်ကြောင်းနှင့် အထက်ပါတားမြစ်ချက်များကို မလိုက်နာပါက စီမံခန့်ခွဲရေးနည်းလမ်းအရ လည်းကောင်း၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ လည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။