COVID-19 ပိုးတွေ့နှုန်း ၅ ရာခိုင်နှုန်း‌သာ ရှိတော့သည့် တောင်ကြီးမှ ယာယီပျံကျဈေးသည်များကို အမှတ်(၅)ဈေးသို့ ကန့်သတ်ချက်ဖြင့် ပြောင်းရွှေ့ရောင်းချစေမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့နှုန်း ၅ ရာခိုင်နှုန်း‌သာ ရှိတော့သည့် တောင်ကြီးမှ ယာယီပျံကျဈေးသည်များကို အမှတ်(၅)ဈေးသို့ ကန့်သတ်ချက်ဖြင့် ပြောင်းရွှေ့ရောင်းချစေမည်


COVID-19 ပိုးတွေ့နှုန်း ၅ ရာခိုင်နှုန်း‌‌ခန့်သာ ရှိတော့သည့် တောင်ကြီးမြို့ပေါ်ရှိ ယာယီပျံကျဈေးများမှ ဈေးသည်များကို လာမည့် အောက်တိုဘာလ ၁၁ ရက်မှ စတင်၍ အမှတ်(၅)ဈေးသို့ ကန့်သတ်ချက်ဖြင့် ပြောင်းရွှေ့ ရောင်းချစေမည် ဖြစ်ကြောင်း သိရသည်။

.

‌ရေအေးကွင်းရပ်ကွက်၊ ကမ္ဘောဇလမ်းရှိ ယာယီပျံကျဈေးနှင့် ဘုရားဖြူရပ်ကွက်၊ ပါမိုးနဲ ယာယီပျံကျဈေးတို့မှ ဈေးရောင်းချသူများ အနေဖြင့် သတ်မှတ်ရက်တွင် ပြောင်းရွှေ့ရောင်းချနိုင်ရေး အတွက် ကြိုတင်စီစဉ်ထားရန် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာထားခြင်း ဖြစ်သည်။

.

ယင်းကဲ့သို့ အမှတ်(၅)ဈေးအတွင်း၌ ဈေး ရောင်းချမှုကို ယာယီပျံကျဈေးသည်များ အပြင် ကျန်အမြဲတမ်းဆိုင်ခန်းများ အနက် ဆေးဝါးပစ္စည်းဆိုင်နှင့် စားသောက်ကုန်ပစ္စည်းဆိုင်များကိုသာ နံနက် ၆ နာရီမှ ၁၀ နာရီထိသာ COVID-19 စည်းကမ်းချက်များနှင့် အညီ ရောင်းချခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။

.

" ဖြည်းဖြည်းချင်း ဖြေလျော့ဖို့ စီစဉ်နေပါတယ်။ လောလောဆယ် အမှတ်(၅) ဈေး တစ်ခုပဲ၊ မနက် ၁၀ နာရီထိ ဖွင့်ခွင့် ပြုမှာ။ ပိုးတွေ့နှုန်း လျော့လာရင် ကိုဗစ်ကော်မတီ ခွင့်ပြုချက်နဲ့ အချိန် တိုးပြီး ဖွင့်ခွင့် ပြုမှာပါ။" ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးနေလင်းက ပြောသည်။

.

ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်တွင် ပြုလုပ်သည့် ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက တောင်ကြီးမြို့‌ပေါ်၌ COVID-19 ကူးစက်မှု ၅ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိပြီ ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

.

ယင်း အခြေအနေနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံ ဆက်သွယ် မေးမြန်းရာတွင် " ပြီးခဲ့တဲ့ နောက်ဆုံး ၂ ပတ်မှာ ပိုး တွေ့နှုန်းက ၅ ရာခိုင်နှုန်းပဲ ရှိတော့တယ်။ ၈ လပိုင်းတုန်းက ၂၀ ရာခိုင်နှုန်းလောက်ထိ ရှိခဲ့တာ။ ၉ လပိုင်း ပထမအပတ်မှာ ၇ ရာခိုင်နှုန်း၊ ဒုတိယအပတ်ကနေ စပြီး ခုထိက ၅ ရာခိုင်းနှုန်းပဲ ရှိတော့တယ်။ အခြေအနေ ကောင်းတယ်လို့ ပြောရမှာပေါ့။" ဟု ပြောသည်။

.

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်မှ ယမန်နေ့ အောက်တိုဘာလ ၈ ရက်ထိ၊ နှစ်ပတ်တာ ကာလအတွင်း ၄၆၂၈ ဦးအား စစ်‌ဆေးရာ ၂၇၀ ဦးတွင် COVID-19 ပိုး တွေ့ရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅ ဒသမ ၈၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

.


တောင်ကြီးမြို့နယ်ကို ဇူလိုင်လ ၂၆ ရက်မှ စတင်၍ Stay at Home သတ်မှတ်ထားခြင်း ဖြစ်ပြီး ကာလ ကြာလာသည်နှင့်အမျှ ဈေးဆိုင်များ ဖွင့်လှစ် ရောင်းချခွင့် မရှိသေးသည့် အပေါ် ဒေသခံများက ပြစ်တင်ဝေဖန်မှုများလည်း ပြုလုပ်နေကြသည်။

.

" ဈေးပိတ်ထားရတာ ကြာနေပြီ၊ အလုပ်အကိုင် မရှိကြတော့ အားလုံ ဒုက္ခ ရောက်နေကြရတာ။ တချို့ နားလည်မှုနဲ့ ခိုး ဖွင့်တာတွေ ရှိနေမဲ့လည်း စစ်လို့ မိသွားရင် ဒဏ်ရိုက်တာထက် ဖမ်းတာမျိုးတွေ မခံနိုင်သလို သူတို့ ရစ်တာလည်း မခံချင်ဘူး။ အဲဒါကြောင့် တရားဝင် ရောင်းချခွင့်ပဲ ‌ရချင်တယ်။ အားလုံး ပုံမှန် သွားလာနေကြတဲ့ မြို့မှာ ဈေးဆိုင်တွေကိုပဲ သီးသန့် ပိတ်‌နေတာမျိုး။" ဟု အမည် မဖော်လိုသူ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့နယ် ဇွန်လ ၁ ရက်မှ အောက်တိုဘာလ ၈ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၅၃၂၀ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၄၃ ဦး သေဆုံး၍ ၄၇၇၇ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats