မြန်မာနိုင်ငံ၏ COVID-19 ပိုးတွေ့ရှိမှု တစ်လကျော် စာရင်းတွင် ရှမ်းပြည်နယ်မှ အများဆုံး တည်ရှိနေပြီး စုစုပေါင်း ပိုးရှိသူ ၅၅၀၀၀ ကျော် တွေ့ရှိခဲ့ကြောင်း သိရသည်။
.
မြို့နယ်အလိုက် COVID-19 ပိုး တွေ့ရှိမှု အခြေအနေကို စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ် ထုတ်ပြန်နေလျက် ရှိရာ စက်တင်ဘာလ ၁ ရက်မှ အပ ကျန် ၂၉ ရက်နှင့် ယခု အောက်တိုဘာလ ၆ ရက်ထိ၊ စုစုပေါင်း တစ်လကျော် ကာလအတွင်း ရှမ်းပြည်နယ်က အများဆုံး အဖြစ် တည်ရှိနေခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ်၌ COVID-19 တတိယလှိုင်းကာလ အတွင်း COVID-19 ပိုး ရှိသူ စုစုပေါင်း ၅၅၀၂၃ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၁၅၂၅ ဦး သေဆုံးခဲ့ရကာ ၄၇၂၆၄ ဦးမှာ ဆေးရုံမှ ဆင်းခွင့် ရပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
.
လက်ရှိ ပြည်နယ်အတွင်း COVID-19 ပိုး တွေ့ရှိမှု အခြေအနေမှာ ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည့်အပြင် သေဆုံးနှုန်းမှာလည်း ကျဆင်းခြင်း မရှိသေးကြောင်း သိရသည်။
.
တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်၊ လားရှိုး၊ မူဆယ်၊ လောက်ကိုင်၊ နောင်ချို၊ သီပေါ၊ ကျိုင်းတုံ၊ တာချီလိတ်မြို့နယ်နှင့် အောင်ပန်းမြို့တို့ကို Stay at Home သတ်မှတ်ထားပြီး ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့တွင်လည်း ၎င်းတို့ အစီအစဉ်ဖြင့် Semi-Lockdown ပြုလုပ်ခြင်းများကို ဆောင်ရွက်နေကြသည်။