တောင်ကြီးမြို့နယ်မှ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား/သူများကို ယခု အောက်တိုဘာလ အတွင်း COVID-19 ကာကွယ်ဆေး တရုတ်နိုင်ငံထုတ် Sinovac ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
.
" အောက်တိုဘာလ နောက်ဆုံး ရက်သတ္တပတ်အတွင်းမှာ ထိုးနှံပေးမယ်လို့ ကြားထားပါတယ်။ " ဟု မြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။
.
တောင်ကြီးမြို့နယ်ရှိ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း ၁၄၁ ကျောင်းမှ အသက် ၁၂ နှစ်နှင့် အထက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၈၆၉၄ ဦးကို ဆေးထိုးအဖွဲ့ ၈ ဖွဲ့ဖြင့် ထိုးနှံပေးရန် စီစဉ်ထားကြောင်း သိရသည်။
.
ထို့အပြင် တောင်ကြီးမြို့နယ် အတွင်းရှိ ယခင်က ဦးစားပေး အုပ်စုအလိုက် Sinopharm ထိုးနှံပေးနေသည့် အစီအစဉ်အရ ဒုတိယအသုတ်၏ ဒုတိယအကြိမ်ကို မနက်ဖြန် အောက်တိုဘာလ ၇ ရက်တွင် စတင် ထိုးနှံပေးမည်ဟုလည်း ယင်းကော်မတီထံမှ သိရသည်။
.
Stay at Home သတ်မှတ်ထားသည့် တောင်ကြီးမြို့နယ်တွင် ဇွန်လ ၁ ရက်မှ အောက်တိုဘာလ ၅ ရက်ထိ COVID-19 ပိုး ရှိသူ ၅၂၁၃ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၄၆၆၃ ဦးရှိ၍ သေဆုံးသူ ၂၃၉ ဦး ရှိကြောင်း သိရသည်။