Stay at Home သတ်မှတ်ထားသည့် တောင်ကြီးမြို့၌ အောက်တိုဘာလ ၂၀ ရက် (သီတင်းကျွတ် လပြည့်နေ့)က လူစုလူဝေး ဖြစ်ခဲ့သည့်အတွက် COVID-19 ကူးစက်မှု ပြန်လည် မြင့်တက်မည်ကို ပရဟိတသမားအချို့ စိုးရိမ်နေသည်ဟု သိရသည်။
.
" လပြည့်နေ့မှာ တော်တော်လေး လူ များသွားတာ တွေ့လိုက်ရတယ်၊ စိုးရိမ်ဖို့ ကောင်းတာပေါ့။ ကျွန်တော်တို့ စိုးရိမ်တယ်။ ခုလို ကာလမှာ မဖြစ်သင့်ဘူးပေါ့။ တောင်ကြီးမှာ ထိန်းနိုင်မယ်လို့ပဲ ရှိသေးတယ်၊ ခုတော့ဗျာ။" ဟု တောင်ကြီးမြို့ခံ အမည် မဖော်လိုသူ ပရဟိတသမားက ပြောသည်။
.
မြို့ပေါ် အဓိက လမ်းမကြီးများ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အရှေ့မြို့ပတ်လမ်းနှင့် အနောက်မြို့ပတ်လမ်းပေါ်တို့၌ သွားလာသူများ စည်ကားခဲ့သည့် အပြင် ဘုရား အများစုတွင်လည်း လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.
" ပျဉ်းမျှဆိုရင် သောင်းနဲ့ ချီပြီးတော့ ရှိမလားပဲ။ ပို ဆိုးတာက Mask မတပ်တာ ခပ်များများ။ များဆို တော်တော်လေးကို များတာ။ အရင် ရက်တွေက လုပ်လာခဲ့တာတွေက ဘာမှ အရာ မထင်တော့ဘူး။" ဟု အခြား ပရဟိတသမား တစ်ဦးကလည်း ပြောသည်။
.
တောင်ကြီးမြို့၌ ယခင်က COVID-19 ကာကွယ်ထိန်းချုပ်မှု အပိုင်းတွင် အားနည်းချက်များ ရှိသည်ကို ပြည်သူများ၏ စားဝတ်နေရေးအရ အပြစ် မပြောလိုသော်လည်း ယခုတွင်မူ ကုသိုလ်ထက် အပျော်သဘောဖြင့် သွားလာမှုများမှာ မဖြစ်သင့်ကြောင်းကိုလည်း ဆက်လက် ပြောဆိုသည်။
.
တောင်ကြီးမြို့ကို ဇူလိုင်လ ၂၆ ရက်မှ စတင်၍ Stay at Home သတ်မှတ်ထားကာ လက်ရှိ တတိယလှိုင်း ကာလအတွင်း COVID-19 ပိုး ရှိသူ ၅၅၀၀ ဦးကျော်တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၅၀ ဦးခန့် သေဆုံးခဲ့ကြရသည်။
.
တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်တွင် COVID-19 ကူးစက် ပျံ့နှံ့မှုမှာ လျော့ကျသွားခြင်း မရှိသေးဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ပိုးတွေ့မှု အများဆုံးအဖြစ် တည်ရှိနေသည်မှာလည်း ၂ လခန့် ရှိပြီ ဖြစ်ကြောင်း သိရသည်။