ရှမ်းပြည်နယ် အခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီမှ ရုပ်သံသတင်းထောက်ဟောင်း တစ်ဦးသည် စက်တင်ဘာလ ၂၆ ရက်၊ နံနက် အစောပိုင်းတွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
.
အဆိုပါ အဖမ်းခံရသူမှာ အသက် ၂၀ အရွယ် လူငယ်အမျိုးသမီး လွေးအမ်ဖောင် ဖြစ်ပြီး ၎င်းကို စစ်ကောင်စီက အင်အား ၃၀ ခန့်ဖြင့် လားရှိုးမြို့ရှိ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကာ လက်ရှိတွင် လားရှိုးမြို့မရဲစခန်း၌ ဖမ်းဆီး၍ လားရှိုးနယ်မြေရဲစခန်း၌ တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။
.
" ဖမ်းဆီးခံရတဲ့ စက်တင်ဘာ ၂၆ ရက်မှာ လွေးအမ်ဖောင်ဟာ မိုင်းရယ်မြို့နယ် ကြူဝင်းနဲ့ ဟန်လျှောရွာအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ကျန်းမာရေး ကြည့်ရှုစစ်ဆေးမှု သွားရောက်ကူညီ လုပ်ဆောင်ပေးမယ့် အဖွဲ့တွေနဲ့ လိုက်ပါပြီး မှတ်တမ်း ရယူပေးဖို့အတွက် စီစဥ်ထားတာ ဖြစ်ပါတယ်။" ဟု ရွှေဖီမြေမှ သတင်းသမား တစ်ဦးက ပြောသည်။
.
ရွှေဖီမြေ သတင်းအေဂျင်စီအနေဖြင့် လွေးအမ်ဖောင်ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်မှ စတင်၍ သတင်းလုပ်ငန်း တာဝန်မှ ရပ်စဲထားပြီး ကြားကာလတွင် လုပ်ငန်းအချို့ကိုစေတနာ့ဝန်ထမ်းအဖြစ်သာ လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
.
" တစ်နိုင်ငံလုံးမှာ ရှမ်းပြည်နယ်က ပိုပြီးတော့ သတင်းသမားတွေ သတင်း ရယူခွင့်၊ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးနေတယ်လို့ မြင်တယ်။ တစ်နိုင်ငံလုံးမှာ အဖမ်းခံထားရဆဲ သတင်းသမားအရေအတွက်ရဲ့ ၁၅ ရာခိုင်နှုန်းကျော်က ရှမ်းပြည်နယ်က ဖြစ်နေတာ။" ဟု ရှမ်းပြည်နယ် အခြေစိုက် သတင်းသမားတစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ်တွင် ဖမ်းဆီးခံထားရဆဲ သတင်းသမား စုစုပေါင်း ၇ ဦး ရှိကာ ၎င်းတို့မှာ ကမ္ဘောဇတိုင်းသတင်းဌာနမှ ၄ ဦး (တစ်ဦးမှာ မိသားစုဝင်ဖြစ်)၊ တာချီလိတ်သတင်းအေဂျင်စီမှ ၁ ဦး၊ သံလွင်သွေးချင်းသတင်းဌာနမှ ၁ ဦးနှင့် ရွှေဖီမြေသတင်းအေဂျင်စီမှ ၁ ဦးတို့ ဖြစ်ကာ တာချီလိတ်သတင်းအေဂျင်စီမှာမူ ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းခံထားရသည်။
.
မြန်မာတစ်နိုင်ငံလုံးတွင် စက်တင်ဘာလ ၂၇ ရက်ထိ သတင်းသမား စုစုပေါင်း ၁၀၂ ဦး ဖမ်းဆီးခံခဲ့ရပြီး ယင်းအနက် ၄၈ ဦးသည် လက်ရှိအချိန်ထိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်းနှင့် သတင်းဌာန စုစုပေါင်း ၈ ခုမှာ ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းခံထားရသည်ဟု Reporting ASEAN ၏ ထုတ်ပြန်ချက်အရ သိရသည်။