ရှမ်းတပ် အချင်းချင်း အပစ်ရပ်ရန် သျှမ်းပြည်သံဃာနှင့်ပြည်သူ ပူးပေါင်း‌ဆောင်ရွက်ရေးကော်မတီ တောင်းဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတပ် အချင်းချင်း အပစ်ရပ်ရန် သျှမ်းပြည်သံဃာနှင့်ပြည်သူ ပူးပေါင်း‌ဆောင်ရွက်ရေးကော်မတီ တောင်းဆို


ရှမ်းပြည်နယ် အတွင်း ဖြစ်ပွားနေသည့် SSPP/SSA နှင့် RCSS/SSA တို့ကြား တိုက်ပွဲများ ရပ်တန့်ပြီး အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန် သျှမ်းပြည်သံဃာနှင့်ပြည်သူ ပူးပေါင်း‌ဆောင်ရွက်ရေးကော်မတီက ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုခဲ့သည်။

.

၂၀၁၅ ခုနှစ်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နမ့်လန် စသည့် မြို့များ ရှမ်းတပ် အချင်းချင်း တိုက်ပွဲများ စတင်ခဲ့ပြီး မဟာမိတ်တပ်များပါ ပါ၀င်လာခြင်းကြောင့် တိုက်ပွဲများ ပိုမို ကျယ်ပြန့်လာခဲ့ပြီး ပြည်သူများမှာ COVID-19 ကပ်ရောဂါအပြင် လူအခွင့်ရေးချိုးဖောက်မှုများကိုပါ ခံစားနေရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

.

လက်ရှိ ၂၀၂၁ ခုနှစ်တွင်ပင် တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် စုစုပေါင်း ၉၅၀၀ ဦးကျော်ခန့် ရှိကာ အချို့မှာ ခြိမ်းခြောက် ခံရခြင်း၊ အသက်အန္တရာယ် ထိပါးမည်ကို ကြောက်ရွံ့ခြင်း တို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်‌နေကြရသည်ဟုလည်း ဖော်ပြထားသည်။

.

သျှမ်းပြည်သံဃာနှင့်ပြည်သူ ပူးပေါင်း‌ ဆောင်ရွက်ရေးကော်မတီ အနေဖြင့် ရှမ်းပြည်နေ ပြည်သူများ၏ စစ်ဘေးရှောင် အခက်အခဲများနှင့် ရှမ်းပြည်နေ ပြည်သူတိုင်းရင်းသားများ၏ စည်းလုံး ညီညွတ်ရေး တည်ဆောက်မှုကို ပံ့ပိုးကူညီဆောင်ရွက်မည်ဟု ကြေညာချက်တွင် ပါရှိသည်။

Journal Download

Photo of three cats