နောင်ချိုမြို့နယ်၊ မန္တလေး - လားရှိုးသွား ကားလမ်း၌ အောက်တိုဘာလ ၁၄ ရက် နေ့လယ်ပိုင်းက ငွေကျပ်သိန်း ၃၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် နောင်ချိုမြို့အဝင်၊ မန္တလေး-လားရှိုးသွား ကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄) အနီးတွင် သီပေါမှ မန္တလေးဘက်သို့ အောင်လင်း မောင်းနှင်လာသည့် HINO ၁၂ ဘီး မော်တော်ယာဉ်အား သတင်းအရ ရှာဖွေရာ မော်တော်ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဆာလာအိတ် ၇ အိတ်အတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၆၀၀ ကျော်တန်ဖိုးရှိ ဆပ်ပြာခွက် ၁၆၆၁ ခွက် ဖြင့် ထည့်ထားသော ဘိန်းဖြူ ၁၆ ဒသမ ၆၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၂၈ သိန်းကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများကို သီပေါမြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် အောင်လင်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း CCDAC က ထုတ်ပြန်ထားသည်။