အခြေခံရည်ညွှန်း စပါးဈေးနှုန်းအဖြစ် တင်း ၁၀၀ လျင် ၅၄၀၀၀၀ ကျပ် ဖြစ်ကြောင်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က သတ်မှတ် ကြေညာထားသည်။
.
အစိုဓါတ် ၁၄ ရာခိုင်နှုန်း ရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအား ၅၄၀၀၀၀ ကျပ်ဖြင့် ၂၀၂၁ ခုနှစ် မိုးစပါး နှင့် ၂၀၂၂ ခုနှစ် နွေစပါးတို့အတွက် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
.
စပါး ဈေးကွက် ပေါက်ဈေးသည် အခြေခံရည်ညွှန်း စပါးဈေးနှုန်းအပေါ်တွင် ဖြစ်ပါက ပေါက်ဈေးအတိုင်း ဝယ်ယူရန် နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအောက်တွင် ဖြစ်ပါက အခြေခံ ဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဟုလည်း အသိပေးထားသည်။
.
ထို့အတူ အခြေခံရည်ညွှန်း စပါး ဈေးနှုန်းအတိုင်း ရောင်းချရန် အခက်အခဲ ရှိသည့် တောင်သူလယ်သမားများ အနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ်ရုံး၏ဖုန်း ၀၁၂၃၀၁၁၂၈၊ ၀၁၂၃၀၁၁၂၉၊ ၀၁၂၁၈၂၆၆ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
.
အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ၂၀၁၈ ခုနှစ်က စတင်သတ်မှတ်ကြေညာခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၏ အခြေခံရည်ညွှန်း စပါးဈေးနှုန်းမှာ တင်း ၁၀၀ လျင် ၅၀၀၀၀၀ ကျပ် ဖြစ်သည်။