တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းဖြင့် ဆွဲရပါလိမ့်မည်၊ တစ်နိုင်ငံလုံး လျှပ်စစ်ရထားဖြင့် ပြေးရပါလိမ့်မည်ဟု စစ်ကောင်စီ ဥက္ကဌက ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်က ပြောဆိုခဲ့သည်။
.
“ပို့ဆောင်ရေးနှင့် ပတ်သက်ရင် Public Transportation ကို ကျွန်တော်တို့ အားပေးဖို့လိုတယ်။ မီးရထားတွေ၊ မြို့ပတ်ရထားတွေ၊ ဘတ်စ်ကားလိုင်းတွေ။ ဒါတွေ များများ သုံးနိုင်အောင် လုပ်ပါ၊ ဒါကြောင့် ကျွန်တော် အရှုံးခံပြီး ရထားလမ်းတွေ ဖွင့်ခိုင်းပါတယ်။ ဘယ်လောက်ပဲ ဖျက်ဖျက်ကွာလို့၊ ဘယ်လောက်ပဲဖျက်ဖျက်ရအောင် ဆွဲမယ်ဆိုပြီး ကျွန်တော် လုပ်ပေးနေတယ်။ ရထားလမ်းတွေကိုလည်း ရအောင် အဆင့်မြှင့် ခိုင်းနေပါတယ်။ ဒါက ဘာလဲဆိုတော့ တိုင်းပြည်အတွက် အကျိုးရှိတဲ့ လုပ်ငန်းမို့လို့။ စီးပွားရေး အရ ကြည့်မယ်ဆိုရင်တော့ အကျိုး မရှိနိုင်ပေမယ့် တိုင်းပြည်အတွက်တော့ အကျိုးရှိတယ်။ Public Transportation ကိုကျွန်တော်တို့ကအားပေးဖို့လိုတယ်။ အဲ့ဒီ Public Transportation မှာ လျှပ်စစ်ကို ရအောင် ပြောင်းနိုင်လို့ ရှိရင် ဒီထက် ပို အကျိုးရှိမယ်။ ဒါ့ကြောင့်ကျွန်တော်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် တွန်းအားပေးနေခြင်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ ပြေးရပါလိမ့်မယ်။ တစ်နိုင်ငံလုံး မြို့ပတ်ရထားလမ်းဆို မြို့ပတ်လမ်း အတိုင်း သွားမယ်။ မြို့ပေါ်တွေမှာသုံးတဲ့ကားတွေက လျှပ်စစ်ကားတွေ ဖြစ်ရမယ်။ ဒီမူဝါဒကို တွက်နေပါတယ်။ အချိန်လေး တစ်ခု တွက်ချက်ပြီးလို့ ရှိရင် ကျွန်တော်တို့ ကြေငြာပါ့မယ်။ ဘယ်နှစ်မှာတော့ လျှပ်စစ်ကားသုံးတဲ့ စနစ်ကို ဘယ်အဆင့်မှာ ပြောင်းပြီးသား ဖြစ်ရမယ်။ Private Use တွေပေါ့ဗျာ။ ကိုယ်ပိုင်ကားတွေ၊ ကားငယ်လေးတွ ဆိုလို့ရှိရင်။ လုပ်ငန်းခွင် သုံးတဲ့ ကားကြီးတွေကတော့ ဖြစ်ကောင်း ဖြစ်နိုင်မှာပေါ့လေ။ နည်းပညာအရ အခြားနိုင်ငံတွေမှာ ဖြစ်နေတဲ့ အခြေအနေတွေ ကျွန်တော်တို့ ကြည့်ရ ဦးမယ်။ အခုနကပြောတဲ့ လူစီးကားကတော့ဖြစ်တယ်။ ဘတ်စ်ကားတွေ ဖြစ်နိုင်တယ်။ ဒီဟာတွေဟာ ဘယ်နှစ်မှာ လျှပ်စစ်စနစ်ကို ပြောင်းရမယ်ဆိုပြီး ကျွန်တော်တို့ လုပ်ရမယ်။ ဒါမှ မလုပ်ရင်လဲ ကျွန်တော်တို့ ကျန်ခဲ့လိမ့်မယ်။ ဆီဖိုးနဲ့ မွဲလိမ့်မယ်။”ဟု စစ်ကောင်စီ ဥက္ကဌက ပြောသည်။
.
စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၂/၂၀၂၁)တွင် အမှာစကား ပြောကြားရာ၌ ပို့ဆောင်ရေးနှင့် ပတ်သက်၍ ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။