ရှမ်းပြည်နယ်တောင်ပိုင်း၌ တစ်လအတွင်း အာလူး တစ်ပိဿာ ဈေး ၆၀၀ ကျပ်ကျော်ထိ မြင့်တက်လာကြောင်း သိရသည်။
.
အာလူး တစ်ပိဿာ ဈေးနှုန်း အနေဖြင့် အမျိုးအစားအလိုက် ၆၀၀ ကျပ်မှ ၉၀၀ ကျပ်ထိ မြင့်တက်လာခြင်း ဖြစ်ကြောင်း အောင်ပန်းမြို့ ထင်းရှူးမြေက ထုတ်ပြန်သော ကုန်စိမ်းသီးနှံဈေးနှုန်းများအရ သိရသည်။
.
ယနေ့ အောက်တိုဘာလ ၁၄ ရက်၏ အာလူး တစ်ပိဿာ ဈေးနှုန်းမှာ S2 ဆိုဒ် (မျက်နီ) ၁၈၀၀ ကျပ်၊ S1 ဆိုဒ် (မျက်နီ) ၁၈၀၀/၁၈၅၀ ကျပ်၊ OK ဆိုဒ် (မျက်နီ) ၁၆၅၀/၁၇၀၀ ကျပ်၊ S1 ဆိုဒ် (မားကစ်) ၁၇၅၀/၁၈၀၀ ကျပ်၊ OK ဆိုဒ် (မားကစ်) ၁၅၀၀/၁၅၈၀ ကျပ်၊ A1/အဆွဲ ၁၂၀၀/၁၃၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် တစ်လအကြာ စက်တင်ဘာလ ၁၄ ရက်၏ အာလူး တစ်ပိဿာ ဈေးနှုန်းမှာ S2 ဆိုဒ် (မျက်နီ) ၁၂၀၀ ကျပ်၊ S1 ဆိုဒ် (မျက်နီ) ၁၀၅၀/၁၁၅၀ ကျပ်၊ OK ဆိုဒ် (မျက်နီ) ၈၀၀/၈၅၀ ကျပ်၊ S1 ဆိုဒ် (မားကစ်) ၈၀၀/၈၅၀ ကျပ်၊ OK ဆိုဒ် (မားကစ်) ၆၀၀ ကျပ်၊ A1/အဆွဲ ၃၀၀/၃၅၀ ကျပ် ဖြစ်သည်။
.
ဈေးနှုန်းမှာ ကုန်စိမ်းပွဲရုံ တစ်ခုနှင့် တစ်ခု အရောင်းအဝယ် မတူခြင်း၊ ကုန်ပစ္စည်း အရည်အသွေးပေါ် လိုက်၍ ကုန်သည်များ၏ ရောင်းစျေး/ဝယ်စျေး မတူခြင်းတို့ကြောင့် စျေးနှုန်း အနည်းအများ ကွာခြားမှု ရှိနိုင်သည်ဟုလည်း သိရသည်။
.
ယင်းကဲ့သို့ အာလူးဈေး မြင့်တက်လာမှုကြောင့် တောင်သူများအတွက် အဆင်ပြေနိုင်ဖွယ် ရှိသော်လည်း စားသုံးသူများအတွက်မှာမူ အခက်အခဲ ကြုံနေရကြောင်းနှင့် အာလူးကြော်လုပ်ငန်း အချို့ ရပ်နားရမည့် အခြေအနေသို့ပင် ရောက်ရှိနေကြောင်း သိရသည်။
.
" ဝယ်နေရတာတော့ တစ်ပိဿာကို ၂၀၀၀ လောက် ရှိတယ်။ အဲလို ဈေးတက်တော့ ဝယ်စားဖို့ အဆင်မပြေတော့ဘူး။ အာလူးကြော်ဆိုရင် ဆီဈေးကလည်း တက်နေတော့ အလုပ် ရပ်ဖို့တောင် စဉ်းစားနေရပြီ။ ဈေးတင်ရောင်းမယ်ဆိုလည်း ဝယ် မစားကြတော့မှာ စိုးရိမ်တယ်လေ။" ဟု အာလူးကြော်လုပ်ငန်း လုပ်ဆောင်သူ အမျိုးသမီး တစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင် အာလူးကို ဘော်ဆိုင်း၊ ဟဲဟိုး၊ ပင်လောင်း၊ နောင်တရား၊ ရွာငံ၊ ပင်းတယ၊ ကျုံး၊ မြင်းမူး စသည့် ဒေသများ၌ ရေသွင်းနှင့် ကုန်းပေါ် နည်းစနစ်များဖြင့် စိုက်ပျိုးကြပြီး ဇူလိုင်နှင့် သြဂုတ်လများတွင် တစ်ကြိမ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် တစ်ကြိမ် ထွက်ရှိကြောင်း သိရသည်။