တာချီလိတ်မြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် အောက်တိုဘာလ ၂ ရက်က ကျပ်သိန်း ၃၆၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများကို သီးခြားစီ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ ဆွတ်ဆိုင်-မယ်ယန်းသွားကားလမ်း၊ ဝမ်ဆောက်ခုံ(အာခါ)ကျေးရွာအနီးတွင် လမ်းလျှောက်လာသူ အားမူ ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၄ သိန်း)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ ဝမ်ဆောက်ခုံ(အာခါ)ကျေးရွာ ကွင်းပြင်စပ်တွင် ဆန်းလင်းအောင်(ခ) ကိုငယ် ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၄၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၄၄.၈ သိန်း)တို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ်သွား ကားလမ်းတွင် လွယ်ပါရင်ကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ အားဒို(ခ)လော်ဖာ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုက်ကယ်ခွကြားတွင် သယ်ဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၄၄၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၀၈ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အားမူ၊ ဆန်းလင်းအောင်(ခ) ကိုငယ်နှင့် အားဒို (ခ) လော်ဖာ တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။