ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်၍ ပြုလုပ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPC) နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်မှ ၃ ပါတီ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အစည်းအဝေး တက်ရောက်ခဲ့သော ရှမ်းပြည်နယ်မှ ပါတီများမှာ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ANDP)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ (SNDP) တို့ ဖြစ်သည်။
.
အစည်းအဝေးကို အောက်တိုဘာလ ၉ ရက်တွင်နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခြင်း ဖြစ်ပြီးနိုင်ငံရေးပါတီ ၁၈ ခုမှ ပါတီဝင် ၂၂ ဦး အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ၊ စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
လက်ရှိ တည်ဆဲနိုင်ငံရေးပါတီ စုစုပေါင်း ၉၀ ကျော်ရှိသည့် အနက် အစည်းအဝေး တက်ရောက်ရန်အတွက် နိုင်ငံရေးပါတီ ၄၀ ကို ဖိတ်ကြားခဲ့ပြီး ၁၈ ပါတီသာ တက်ရောက်ခဲ့ကြကာ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်ဟု သိရသည်။