ကိုယ့် နယ်က ထွက်တဲ့ ကုန်ပစ္စည်းကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သိစေချင်တာရယ်။ ဟိုး ရှေးယခင်ကတည်းက လူကြီးတွေ စတင် သောက်သုံးခဲ့တာဆိုတော့ ....
.
ရွှေညောင်မြို့ဟာ တောင်ကြီးမြို့နယ် အတွင်းမှာ ပါဝင်တဲ့ မြို့ငယ်လေး ဖြစ်ပြီး မြေပြန့်ဒေသလိုမျိုး တည်ရှိတာကြောင့် တောင်ပေါ်ဒေသနဲ့ မတူတဲ့ မြင်ကွင်းမျိုးကို တွေ့မြင်ခံစားရပါတယ်။ သို့သော်လည်းပဲ ရွှေညောင်သည်လည်း တောင်ကြီးမြို့သည်သာ ဖြစ်ပေရာ အနုပညာရှင်များ ပေါ် ထွက်လာသည်မှာ ထူးဆန်းသည်တော့ မဟုတ်တန်ရာ။
.
Hiphop တေးသံရှင် Block K ဟာ ရွှေညောင်သား လူငယ် တစ်ဦး ဖြစ်ပါတယ်။ ရွှေညောင်သား Block K တေးသံရှင် ဆိုသည်မှာ ထူးဆန်းမှု မဟုတ်သော်လည်း ရှမ်းပြည်နယ်၏ နိုင်ငံသားကတ် ဖြစ်သည့် ၁၃/ အမည်နဲ့ ရိုးရာဆေးပေါ့လိပ် လုပ်ငန်းကို တစ်မူထူး၍ ပြုလုပ်သည်က ထူးဆန်းမှုဟု ဆိုလိုရင်း ဖြစ်ပါတယ်။
.
၁၃/လွင့် ရိုးရာဆေးပေါ့လိပ်လုပ်ငန်းကို ဘယ်လိုမျိုး ရည်ရွယ်ချက် စိတ်ကူးတွေနဲ့ လုပ်ဆောင်တာလည်း ဆိုတာ တေးသံရှင် Block K ကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
.
ကမ္ဘောဇတိုင်း။ ၁၃/လွင့် ဆိုပြီး ဘာဖြစ်လို့ နာမည် ပေးလိုက်တာလဲဗျ။ ပြီးတော့ သာမန်လို့ ပြောနိုင်တဲ့ ဆေးပေါ့လိပ်ကို အမြင် တစ်မျိုး ဖြစ်အောင် ဘယ်လိုမျိုး စိတ်ကူးမိသွားတာလဲဗျ။
.
Block K (၁၃/လွင့်)။ ဒါက ရိုးရာ ဆေးပေါ့လိပ်ပါ။ ကိုယ့် နယ်က ထွက်တဲ့ ကုန်ပစ္စည်းကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သိစေချင်တာရယ်။ ဟိုးရှေး ယခင်ကတည်းက လူကြီးတွေ စတင် သောက်သုံးခဲ့တာဆိုတော့ ကျန်တော်တို့က အရင်က ယဥ်ကျေးမှုကို ထိန်းသိမ်းတဲ့ သဘောပါပဲ ခင်ဗျာ။
.
ကမ္ဘောဇတိုင်း။ တေးသံရှင် တစ်ဦးလို့လည်း သိရပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးပါဦးဗျ။
.
Block K (၁၃/လွင့်)။ ကျွန်တော့နာမည် အရင်းကတော့ အောင်ကိုကိုမျိုး ပါဗျ။ အနုပညာ နာမည်ကတော့ Block K ပါဗျ။ ခု လက်ရှိကတော့ ရွှေညောင်မှာ နေပါတယ်။ လတ်တလော အနုပညာ လှုပ်ရှားမှုကတော့ အခု ၁၃/လွင့် ကြော်ငြာသီချင်းကို Music video ဖန်တီးနေပါတယ်။ ကြောင်းကြောင်းအရ ပွဲ ဆိုတာတွေနဲ့ အခြားသော အလုပ် ကိစ္စတွေကတော့ နားထားပါတယ်ဗျ။
.
ကမ္ဘောဇတိုင်း။ ပင်ရင်းလုပ်ငန်း တည်နေရာ၊ ပင်ရင်းရောင်းဈေးရယ်၊ ဆေးပေါ့လိပ်မှာ တားမြစ်ဆေးဝါးတွေ ပါ/မပါ။ ဥပမာ - ဆေးခြောက်လိုမျိုးပေါ့။ ပါဝင်ပစ္စည်းတွေကိုရော ပြောပြလို့ ရရင်တော့ သိချင်ပါတယ်။
.
Block K (၁၃/လွင့်)။ ပင်ရင်းလုပ်ငန်း တည်နေရာကတော့ ရွှေညောင်မြို့ မင်္ဂလာအောင်မြေရပ်ကွက်ပါ။ ပင်ရင်းရောင်းစျေးက ၇ လိပ်ပါ တစ်ဘူးကို ၇၀၀ ကျပ်ပါ။ ဆေးပေါ့လိပ်မှာက ဘာ ဓာတုဆေးဝါးနဲ့ တားမြစ်ဆေး လုံးဝ (လုံးဝ) မပါဝင်ပါဘူးခင်ဗျာ။
.
ကမ္ဘောဇတိုင်း။ အနုပညာရှင် လူငယ်တစ်ဦး အနေနဲ့ လုပ်တဲ့ ၁၃/လွင့် ရိုးရာဆေးပေါ့လိပ် လုပ်ငန်းဟာ စွန့်ဦးတီထွင် လုပ်ငန်းရယ်လို့ ပြောလို့ ရနိုင်မလား၊ ခု လက်ရှိရော ဈေးကွက်ကို ဖြန့်နေပြီလား၊ အောင်မြင်မယ်လို့ရော ယုံကြည်လားဗျ။
.
Block K (၁၃/လွင့်)။ အနုပညာ ဝါသနာရှင် အနေ နဲ့ရော လူငယ်တစ်ဦး အနေနဲ့ပါ ၁၄/လွင့်ဟာ စွန့်ဦးတီထွင်သူလို့ ပြောလို့မရပေမဲ့ စွန့်ဦးတည်ထွင် လုပ်ငန်းလို့တော့ ပြောလို့ရနိုင်ပါတယ်ဗျ။ အခုလက်ရှိက စျေးကွက်ကို ဖြန့်နေပါပြီဗျ။ ရောင်းအားကလည်း မထင်မှတ်ထားလောက်အောင်ကောင်းပါတယ်။ ပြန်ရလာတဲ့ review တွေကလည်း ၁၀ ယောက်မှာ ၈ ယောက်က ကြိုက်ကြတယ်၊ ကောင်းတယ်ဆိုတာမျိုးတွေ ပြန် ကြားရပါတယ်။ Design ထုပ်ပိုးမှု Quality က အစ မတူညီအောင် ပြင်ဆင်ထားတဲ့အတွက် အောင်မြင်မယ်လို့လည်း ယုံကြည်ပါတယ်။ လူကြိုက် များကြမယ်လို့လည ယုံကြည်ပါတယ်။
.
ကမ္ဘောဇတိုင်း။ ဆေးပေါ့လိပ် လုပ်တာဆိုတော့ သနပ်ဖက်နဲ့လား၊ ကုန်ကြမ်းကို ဘယ်လို ရယူလဲဗျ။ တောင်သူတွေဆီက တိုက်ရိုက်ယူတာလား၊ ပြီးတော့ အိမ်တွင်းမှု လုပ်ငန်းမျိုးနဲ့ လုပ်တာလား၊ စက်ရုံပုံစံမျိုးနဲ့ လုပ်တာလား။ ဒေသခံတွေ အတွက်ရောအလုပ်အကိုင် အခွင့်အလမ်း အထောက်အကူ ဖြစ်နိုင်လားဗျ။
.
Block K (၁၃/လွင့်)။ သနပ်ဖက်နဲ့တော့ မဟုတ်ဘူးခင်ဗျ၊ ဒီ ဆေးပေါ့လိပ်ကို လိပ်တဲ့ ဖက်က ပစ်စင်မဖက်လို့ ခေါ်တယ်ဗျ။ သူက ဆေးဖက်ဝင်တယ်။ အရိုးကျိုးတာတောင် ပြန် ဆက်တယ်လို့ ရှေးလူကြီးတွေ ဆီကနေ ကြားဖူးတယ်။ ပြီးရင်ရာသီအလိုက် ထွက်တာဗျ၊ သိုလှောင်ထားရတာပေါ့။ ကုန်ကြမ်း အနေနဲ့ကတော့ တောင်သူတွေဆီက တိုက်ရိုက်ယူတာပါ။ ၁၀၀ ရာခိုင်နှုန်း Home made ပါ။ ဘူးချိုး/ဘူးခေါက်က အစ ပါ။ အလုပ်အကိုင် အခွင့်အလမ်း အတွက်ကြတော့ အခုလို ကာလမှာ အပျင်းပြေအနေနဲ့ အိမ်နီးချင်းတွေက ဘူးချိုး/ဘူးခေါက်ကို ဘယ်နှစ်ဘူး ပြီးရင် ဘယ်လောက်ဆိုတဲ့ နှုန်းထားလေးနဲ့ လုပ်အားပေးကြလို့ နှစ်ဦးနှစ်ဘက် အထောက်ကူတော့ ဖြစ်ပါတယ်။
.
ဖက်က ပစ်စင်မဖက်လို့ ခေါ်တယ်ဗျ။ သူက ဆေးဖက်ဝင်တယ်။ အရိုးကျိုးတာတောင် ပြန် ဆက်တယ်လို့ ရှေးလူကြီးတွေ ဆီကနေ ကြားဖူးတယ်။ ပြီးရင်ရာသီအလိုက် ထွက်တာဗျ
.
ကမ္ဘောဇတိုင်း။ ကျန်းမာရေး ရှုထောင့်က ကြည့်ရင် ဆေးလိပ်သောက်တာဟာ ကျန်းမာရေး ထိခိုက်နိုင်တဲ့ အပေါ်မှာရော ဘာများ အကြံပေးလိုလဲဗျ။
.
Block K (၁၃/လွင့်)။ ကျန်းမာရေး အနေနဲ့ကတော့ ဘယ်လောက်ပဲ ဆေးဖက် ဝင်တယ် ပြောပြော။ အငွေ့ကို ရှူ ရတာမို့ ကြာရင်တော့ ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်ဗျ။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်တာကြောင့် ၁၈ နှစ် မပြည့်သေးသော ကလေးများ လုံးဝ မသောက်ဖို့ တိုက်တွန်းချင်ပါတယ်။
.
၁၃/လွင့် ရိုးရာဆေးပေါ့လိပ်လုပ်ငန်းကို ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက စတင်ဆောင်ရွက်ခြင်း ဖြစ်ပြီး အသိအမှတ်ပြု လိုင်စင်လည်း ရရှိထားပြီလို့ သိရပါတယ်။ လူငယ်တစ်ဦးရဲ့ ဆန်းသစ်တဲ့ အမြင်၊ အတွေးအခေါ်နဲ့ ကြိုးပမ်း လုပ်ဆောင်မှုကြောင့် အခုဆိုရင် ရက်ပိုင်းသာ ရှိသေးတဲ့ ၁၃/လွင့် ရိုးရာဆေးပေါ့လိပ်လုပ်ငန်းဟာ Brand တစ်ခုအနေနဲ့ အတော်အသင့် နေရာရယူနေပြီ ဖြစ်ပါတယ်။
.
ဘယ်လောက်ပဲ ဆေးဖက် ဝင်တယ် ပြောပြော။ အငွေ့ကို ရှူ ရတာမို့ ကြာရင်တော့ ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်ဗျ။