ဆီဆိုင်မြို့တွင် အမှု ရုတ်သိမ်းပေးမည်ဟူသော ကြေညာချက်ကြောင့် နေအိမ်ပြန်သူ အဖမ်းခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဆီဆိုင်မြို့တွင် အမှု ရုတ်သိမ်းပေးမည်ဟူသော ကြေညာချက်ကြောင့် နေအိမ်ပြန်သူ အဖမ်းခံရ


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မှ ဦးစံဝင်းမောင်သည် ယခင်က တိမ်းရှောင်နေသော်လည်း အမှု ရုတ်သိမ်းပေးမည် ဟူသော ကြေညာချက်ကြောင့် နေအိမ်သို့ ပြန်၍ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်နေစဉ် အောက်တိုဘာ ၁၁ ရက်၊ ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

.

" ၁၁ ရက်နေ့ ညက ဖမ်းသွားတာ။ အမှု ပိတ်ပေးလို့ ပြန်လာတာကို လက်ထိတ် ခတ်ပြီး သေနတ်နဲ့ ချိန်၊ ဖမ်းသွားတာ။ ဖိနပ်တောင် မစီးလိုက်ရဘူး။ အခုထိ ဘယ်မှာ ဖမ်းထားမှန်းလည်း မသိရသေးဘူး။" ဟု ၎င်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

.

ဆီဆိုင်မြို့ ဆန္ဒပြပွဲများကို ဦးဆောင်သူဟု ဆိုကာ အမှုဖွင့် ခံထားရသဖြင့် ဖေဖော်ဝါရီလ ကတည်းက တိမ်းရှောင် နေသော်လည်း အမှု ရုတ်သိမ်းပေးမည်ဟူသော ကြေညာချက်အရ ရဲတပ်ဖွဲ့ထံ ဆက်သွယ်၍ နေအိမ်သို့ ပြန်ပြီးနောက် မေတ္တာရောင်ခြည် ပရဟိတအသင်း၏ COVID-19 ကပ်ရောဂါဆိုင်ရာ ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ၎င်းထံမှ သိရသည်။

.

ထို့အတူ ပြီးခဲ့သည့် မတ်လအတွင်းက ဦးစံဝင်းမောင်၏ ဇနီးဖြစ်သူသည် ဖမ်းဆီး ခံထားရပြီးနောက် ‌ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်)၌ ယခုအချိန်ထိ ချုပ်နှောင် ခံထားရဆဲ ဖြစ်ကြောင်း သိရသည်။

.

ဦးစံဝင်းမောင်သည် ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန် ယူခဲ့ဖူးသူ ဖြစ်သည့်အပြင် မေတ္တာရောင်ခြည်ပရဟိတအသင်းတွင် ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေသူ ဖြစ်သည်။

Journal Download

Photo of three cats