တရားရုံး အသီးသီး၌ တရားစွဲဆိုထားဆဲ ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ် ပါဝင်သူ ၁၁၄ ဦးတို့အား အမှု ပိတ်သိမ်းရန် အမိန့်ကို ယနေ့ အောက်တိုဘာလ ၁၅ ရက်တွင် စစ်ကောင်စီက MRTV မှ တဆင့် ကြေညာခဲ့သည်။
.
NCA လက်မှတ်ရေးထိုးခြင်း ၆ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုကာ ထုတ်ပြန်ခြင်း ဖြစ်ကြောင်းနှင့် ပြစ်မှုဆိုင်ရာ အမှု အားလုံးကို ပိတ်သိမ်း၍ တရားခံများအား အမှုမှ လွှတ်ရမည်ဟု ယင်းအမိန့်တွင် ဖော်ပြပါရှိသည်။
.
အဆိုပါ အမှု ပိတ်သိမ်းခဲ့သူ ၁၁၄ ဦးမှာ AA မှ ၆၁ ဦး၊ KIA မှ ၂၃ ဦး၊ KNU/KNLA(PC)မှ ၁ ဦး၊ MNDAA မှ ၁ ဦး၊ RCSS/SSA မှ ၁၂ ဦး၊ SSPP/SSA မှ ၅ ဦး၊ TNLA မှ ၁၁ ဦး တို့ ဖြစ်ကြောင်း သိရသည်။
.
ဖမ်းဆီး ထိန်းသိမ်းခံထားရသူများ အားလုံးနှင့် ပြည်သူလူထုများအား ခြွင်းချက်မရှိ လွှတ်ပေးပြီး လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းသော နည်းဖြင့် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းဖြေရှင်းကြရန် အဖွဲ့အစည်း အားလုံးကို NCA-S EAO များက ယနေ့ နံနက် အစောပိုင်းတွင် တိုက်တွန်းထားသည်။