တောင်ကြီးခရိုင်၊ ကလောမြို့နယ်ရှိ ကလောမြို့ကို ခရီးသွားမြို့တော်အဖြစ် ဆောင်ရွက်ရန် စီစဥ်နေကြောင်း သိရသည်။
.
ယင်းကဲ့သို့ ခရီးသွားမြို့တော်အဖြစ် ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်က ကလောမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဆွေးနွေးပွဲတွင် ခရီးသွားလုပ်ငန်း ကဏ္ဍ၊ နှစ်အလိုက် ပြည်တွင်းပြည်ပမှ ဝင်ရောက် လည်ပတ်သည့် ဧည့်သည်စာရင်း၊ ဟိုတယ်၊ မိုတယ်လုပ်ငန်း၊ လည်ပတ်နိုင်သည့် နေရာများ၊ ခရီးသွားလုပ်ငန်း အမျိုးအစားများ၊ ပံ့ပိုးဆောင်ရွက်မှုနှင့် ရရှိလာမည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်ဟု သိရသော်လည်း အသေးစိတ် အခြေအနေများကိုမူ မသိရသေးပေ။
.
ကလောမြို့သည် ပင်လယ်ရေ မျက်နှာပြင်အထက် ၄၃၁၅ ပေတွင် ရှိ၍ အေးမြစွတ်စိုသော ရာသီဥတု ရှိကာ တောင်ကုန်းတောင်တန်း ပေါများသော ဒေသဖြစ်ပြီး မြို့နယ်အတွင်း၌ ဓနု၊ ပအိုဝ်း၊ ဗမာနှင့် တောင်ရိုး တိုင်းရင်းသား အများစု နေထိုင်ကြသည်။
.
ထို့အတူ ကလောမြို့နယ် အတွင်း၌ ဟိုတယ် ၄၂ လုံး၊ မိုတယ် ၂၀ လုံး၊ အင်း ၁၀ လုံး၊ တည်းခိုခန်း ၄၉ လုံး တည်ရှိကာ ပြီးခဲ့သည့် ၂၀၁၇-၁၈ ခုနှစ်မှ စတင်၍ ထင်းရှူးမြို့တော် ဖြစ်ရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကြိုးဝိုင်းများ၌ ထင်းရှူးပင်များကို နှစ်စဉ် စိုက်ပျိုးလျက် ရှိသည်ဟု ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။