![]() |
Photo - Shan News |
မိုင်းကိုင်မြို့နယ်၌ အောက်တိုဘာလ ၄ ရက်၊ ညနေပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၄ ဦး လက်နက်ကြီးကျည် ထိမှန်ကာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
ပန်ကေတုကျေးရွာအုပ်စု၊ ကုန်းပေါင်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ၂ လုံး ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ယင်းကျေးရွာမှ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ မိုင်းကိုင်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနေကြရသည်ဟု သိရသည်။
.
ဒဏ်ရာ ရသူများမှာ အသက် ၃၃ နှစ်နှင့် ၃၁ နှစ်အရွယ် အမျိုးသား ၂ ဦး၊ အသက် ၁၄ နှစ်နှစ်နှင့် ၇ နှစ်အရွယ် အမျိုးသမီး ၂ ဦးတို့ ဖြစ်ကာ ရရှိသော ဒဏ်ရာများသည် အသက်အန္တရာယ် မစိုးရိမ်ရဘဲ ဝမ်းဗိုက်၊ ပေါင်၊ ခြေထောက်နှင့် လက် တို့တွင် ထိခိုက်သည့် ဒဏ်ရာများ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲကြောင့် ကုန်းပေါင်းကျေးရွာနှင့် ကုန်းလိုင်းကျေးရွာမှ ဒေသခံပြည်သူ ၈၀၀ ဦးခန့်သည် စစ်ဘေးရှောင်အဖြစ် ပန်ကေတုရှိ စစ်ရှောင်စခန်းများသို့ ထွက်ပြေးခဲ့ကြရပြီး ယင်းစစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ အရေးပေါ်လိုအပ်နေကြောင်းလည်း သိရသည်။
.
မိုင်းကိုင်မြို့နယ်တွင် ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် RCSS နှင့် SSPP တို့၏ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော်တို့သည် နေအိမ်စွန့်ခွာ၍ စစ်ဘေးရှောင် နေ ကြရသည်။