တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့တွင် ကျန်ရှိနေသော သွင်းကုန် ပစ္စည်းများနှင့် မြန်မာနိုင်ငံသား ပြည်တော်ပြန်များ၏ အသုံးအဆောင် ပစ္စည်းများ တင်ဆောင်ရန်အတွက် မူဆယ်မြို့မှ ကုန် မပါသည့် (ခါလီ) ယာဉ်များကို အောက်တိုဘာလ၊ ဒုတိယပတ်အတွင်း ဝင်ရောက်ခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
.
" မူဆယ်မြို့ နယ်စပ် ကျယ်ဂေါင်အတွင်းက ကျန်နေတဲ့ တရုတ်သွင်းကုန် ပစ္စည်းတွေနဲ့ ပြည်တော်ပြန်တွေရဲ့ အသုံးအဆောင် ပစ္စည်းတွေကို အခု ရက်ပိုင်းအတွင်း တရုတ်ဖက်က သယ်ဆောင်ခွင့် ပြုတော့မှာ ဖြစ်ပါတယ်။ သယ်ဆောင် ခွင့်ပြုကာလ ၁၀ လပိုင်း၊ လကုန်ထိဖြစ်ပါတယ်။" ဟု မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းမှ အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးက ပြောသည်။
.
နိုဝင်ဘာလ မတိုင်မီ ကျယ်ဂေါင်မြို့ကို အပြောင်ရှင်း၍ အဆင့်မြင့်မြို့ပြစီမံကိန်း ပြုလုပ်ရန် ရည်ရွယ်ထားဖွယ် ရှိပြီး ခန့်မှန်း ယာဉ် အစီးရေ ၇၀၀ ရှိ သွင်းကုန်ပစ္စည်းများကို မြန်မာဘက်သို့ သွင်းပေးမည် ဖြစ်ကာ မြန်မာဘက်မှ ယာဉ်များကို ယာဉ်မောင်း အစားထိုးစနစ်ဖြင့် ဂိုဒေါင်အတွင်း ဝင်ရောက်တင်ဆောင်ခွင့် ပြုမည်ဟု ၎င်းက ရှင်းပြသည်။
.
အလားတူ မြန်မာနိုင်ငံသို့ တင်ပို့ရန် ကျယ်ဂေါင်မြို့၌ ရှိနေသည့် ကုန်တင်ပြီး ယာဉ်များကိုလည်း သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်သွင်း(ထွက်ခွာ) ခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
.
သက်ဆိုင်ရာ ကုန်သည်လုပ်ငန်းရှင်များ၊ မော်တော်ယာဉ်များနှင့် ကုန်ဂိတ်များအနေဖြင့်ကြိုတင် ချိတ်ဆက် ပြင်ဆင်ထားကြရန် မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းက အောက်တိုဘာလ ၃ ရက်တွင် နိုးဆော်စာ ထုတ်ပြန်ထားသည်။
.
အဆိုပါ ကုန်တင်ယာဉ်များအတွက် တိုကင်ကို မူဆယ်မြို့နယ်အဝေးပြေးမော်တော်ယာဉ်များအသင်းမှ ထုတ်ပေးသွားမည် ဖြစ်ပြီး ထုတ်ပေးမည့်ရက်ကို ကြိုတင် အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။