ညောင်ရွှေပွဲ။ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီတော်မူ အစီအစဉ်သည် မြန်မာပြက္ခဒိန် နှစ်စဉ် သီတင်းကျွတ် လဆန်း တစ်ရက်မှ စတင်ပြီး ကျောင်းတော်ဝင်ပွဲနေ့ သီတင်းကျွတ် လပြည့်ကျော် ၃ ရက်ထိ ဖြစ်ပါသည်။ အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ် ပွားတော်မြတ်များ ဒေသစာရီကြွချီ အပူဇော်ခံပွဲတွင် မူလစံကျောင်းတော်မှ ကျေးပေါခုံ၊ အင်းတိန်၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစားကုန်း၊ ပွဲစားကုန်း၊ လင်းကင်း၊ ညောင်ရွှေမြို့၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက်၊ နန်းပန်၊ မကျည်းဆိပ်၊ ကျိုင်းခမ်း၊ မိုင်းပျိုး၊ နောင်တော၊ အင်းပေါခုံ၊ ရေသာ အစရှိသည့် အင်းလေးဒေသ ၂၁ ဌာ နသို့ ဒေသစာရီ ကြွချီ အပူဇော်ခံလျက် ရှိပါသည်။
.
ကျောင်းတော်စောင့်။ ကရဝိက် ဖောင်တော်တိမ်းစောင်း၍ ဘုရားဆင်းတုတော်များ ရေငုပ်လျှိုးခြင်း နှစ်ကြိမ် ဖြစ်ခဲ့ဖူးပါသည်။ အဆိုပါ ရေငုပ်လျှိုးခြင်း နှစ်ကြိမ် အကြောင်းအရာနှင့် ပတ်သက်၍ မမှားမိကြစေရန်၊ မူရင်းစာပိုဒ်ငယ်ကို ရှေးဦးဖော်ပြချင်၏။
.
''အင်းလေးတစ်ခွင် မော်တော် (ပဲ့ချိတ်) စီး၍ ဘုရားဖူးလေ့လာရေးခရီးထွက်က မြေနီကုန်း ရှမ်းရွာအနီး ဟင်္သာမှတ်တိုင်ကို တွေ့ကြရပါမည်။ ယင်းနေရာသည် ၁၉၆၅ ခုနှစ် ပွဲတော်ရက်အတွင်း (၁၃၂၇ သီတင်းကျွတ်လဆန်း ၆ ရက်) ဟဲယာရွာမမှ ကြေးစားကုန်းသို့ ကြွစဉ် လေမုန်တိုင်း ပြင်း၍ ဖောင်တော်တိမ်းစောင်း ခဲ့၏။ ရုပ်ပွားတော် နှစ်ဆူ ရေသပ္ပါယ် ငုပ်ဆင်း တော်မူရာအရပ် ဖြစ်၏။ တစ်ဆူ ဆယ်ယူနိုင်ပြီး တစ်ဆူ ရှာမရ၍ ကျောင်းတော်သို့ အကြောင်း ကြားရန် သွားတော့ ပလ္လင်ပေါ်၌ ပြန်ကြွရောက် နှင့်နေပြီ။ နောင် ငါးဆူလုံး ပင့်တိုင်း မိုးမုန်တိုင်း ကျမြဲဖြစ်ရာ ကျောင်းတော်စောင့်အဖြစ် ချန်ရစ် ကာ ထည့် မပင့်ဆောင်တော့ပေ။ ကျောင်းတော် သို့ ပွဲရက်အတွင်း ဘုရားဖူးလာကြသူများမှာ တစ်ဆူ ဖူးခွင့်ရသဖြင့် ပို အဆင်ပြေပါသည်။''
.
ဖောင်တော် နှစ်ကြိမ် တိမ်းစောင်းမှောက်ဖူးသည့်ခြင်းရာပါရှိသော၊ တက္ကသိုလ်ခွန် Rကာ ပြန်လည် စုစည်းမှုတွင် ပထမအကြိမ် ဖောင်တော်တိမ်းစောင်း မှောက်ခြင်း ရက်စွဲ အတိအကျ မပါရှိနေပါ။ မူရင်းအတိုင်းမှာ ''ထိုရုပ်ထုတော်မြတ် ၅ ဆူအ နက်၊ ညောင်ရွှေစော်ဘွားကြီး အပ်နှံထားသော သရက္ခန် ရုပ်ပွားတော်မြတ် ၄ ဆူနှင့် သက္ကရာဇ် ၄၈၂ ခုနှစ်အတွင်း အင်းတိမ်ဘုရားအသည်တော်ဖြစ်သူထံ မဟာဂါမရွာ ကျောင်းတော်၌ နရပတိစည်သူမင်း အပ်နှင်းပေးထားသော မြတ်ပေါင်းမဥ္ဇူဘုရား ရုပ်ထုတော်မြတ် ၁ ဆူ ပေါင်း ၅ ဆူ ဖြစ်လေသည်။ ဒေသစာရီ ကြွချီတော်မူသည့် အပူဇော်ခံပွဲ၌ ၅ ဆူလုံး ပင့်ဆောင်ခဲ့ရာ၊ ညောင်ရွှေမြို့တော်သို့ အကြွ လင်းကင်းရွာ အရှေ့အင်းလယ်သို့ အရောက် လေကြီး မိုးကြီး သည်းထန်စွာ ရွာသွန်းတိုက်ခိုက်သဖြင့် ဘုရားလှေတော် နစ်မြှုပ်ပြီး ရုပ်ထုတော်မြတ် ၅ ဆူအနက် ၄ ဆူသာ ရှာဖွေတွေ့ရှိ ပင့်ယူရ ရှိသည်။ အဆိုပါ လကျာ်ရံ ရဟန္တာတစ်ဆူမှာ xx ရှာဖွေစုံစမ်းပြီး မရရှိဖြစ်ခဲ့လေသည်။ ဒေသ စာရီကြွချီတော်မူသည့်အပြီး၊ ကျောင်းတော်သို့ အရောက်တွင်၊ ဂန္ဓကုဋိတိုက်တော် ဖွင့်သောအခါ တွင်မှ၊ ဦးခေါင်းတော်တွင် မှော်များတင်လျက် ဖူးတွေ့ရကြောင်း၊ ထို့နောက် တစ်ဖန် ပင့်ယူပြန်လျှင် ရှေးနည်းမသွေ၊ မိုးလေသည် သည်းထန်စွာ ရွာသွန်း တိုက်ခိုက်ပြန်သဖြင့် ထိုရဟန္တာရုပ်ထုတော်မြတ်တစ်ဆူကို ညတွင်းချင်း ကျောင်းတော်သို့ ပင့်ပြန်ပို့ဆောင်သော အခါမှ မိုးစင် လေကင်း ချမ်းသာခြင်း ဖြစ်လေသည်''ဟူ၍ ဖြစ်ပါသည်။ ဖောင်တော်ဟု မသုံး၊ ဘုရား လှေတော်ဟု သုံး၍ လှေဖောင်တော် ဖြစ်မည်ဟု ခန့်မှန်း ယုံကြည်ရ၏။
.
ယင်းစာတမ်း၌ ဒုတိယအကြိမ် ကရဝိက် ဖောင်တော် တိမ်းစောင်းမှောက်ခြင်းကို ဤသို့ ဖော်ပြထားသည်။ ၁၃၂၇ ခုနှစ်၊ သီတင်းကျွတ် လဆန်း ၆ ရက် နံနက် ၈ နာရီအချိန်တွင် ဟဲယာရွာမ ဌာနမှ ကျေးစားကုန်းကျောင်းသို့ အကြွ၊ မြေနီကုန်းရွာ အရှေ့တောင်ထောင့်သို့ အရောက်၊ မိုးကြီးလေကြီး သည်းထန်စွာ ရွာသွန်း တိုက်ခတ်သဖြင့်၊ ကရဝိက်ဖောင်တော်လှေကြီးမှာ တိမ်းမှောက်သွားပါသည်။ ရုပ်ထုတော်မြတ် ၄ ဆူအနက်၊ ရေအောက်သို့ ၂ ဆူ ကျသွားပြီး ကျန် ၂ ဆူမှာ ဘုရားလူကြီးများတို့က ပင့်ယူရရှိလိုက်သည်။ ရေအောက်သို့ ကျသောဘုရား ၂ ဆူမှာ ထိုနံနက် ၉ နာရီခွဲ အချိန်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဆက်လက်ပင့်ဆောင်ကြပါသည်''။
.
ဤသို့ မှတ်တမ်းတင်ထား၍ ပထမအကြိမ် ဖောင်တော်တိမ်းမှောက်စဉ်တုန်းက ဘုရား ၅ ဆူလုံး ဒေသစာရီ ကြွချီ အပူဇော်ခံလျက်ရှိကြောင်း၊ ဖောင်တော် တိမ်းမှောက်ပြီး နောက်ပိုင်း၌ ကျောင်းတော်စောင့် တစ်ဆူ ချန်ထားရစ်ကာ ဘုရား ၄ ဆူသာ ဒေသစာရီ ကြွချီအပူဇော်ခံကြောင်း ဒုတိယအကြိမ် တိမ်းမှောက်သော မြေနီကုန်းရွာ အရှေ့တောင်ထောင့်၌ မော်တော်နှင့် လှေများ ဖြတ်သန်းခြင်း မပြုစေရန် ဟင်္သာအမှတ်အသားတိုင်ကို ထူကာ သတိပြုစေကြောင်း၊ တစ်ဆူ ရှာမရဘဲ ကျောင်းတော် ဂန္ဓကုဋိတိုက်တော်၌ သူ့အလိုလို ပြန်ကြွရောက် စဉ် မဏိတော်ပေါ်၌ မှော်ဖတ်များပင် တင်ရှိ လျက်ရှိကြောင်း ခြင်းရာသည် ဒုတိယအကြိမ် မဟုတ်မူဘဲ၊ ပထမအကြိမ် ညောင်ရွှေမြို့သို့ အကြွ လင်းကင်းရွာ အရှေ့ အင်းလယ်၌ ဖြစ် ကြောင်းတို့ကို ရှင်းလင်းစွာ သိရှိနိုင်ပါသည်။ ဖောင်တော်ဦး ရုပ်ပွားတော်မြတ်များ ထာဝရစံမြန်းရာ နန်းဟူးကျောင်းတော်၏ အပေါ်ထပ်၊ ဂန္ဓကုဋီတိုက်၏ အရှေ့အရပ်၊ အရှေ့နံရံပေါ်တွင် ဖောင်တော်တိမ်းစောင်းသော ပန်းချီပုံ ရှိပါသည်။ နေရာဌာနသာ ပါရှိပြီး ရက်စွဲ မပါရှိသည့် ကမ္ဗည်း ထိုးစာကို ဖတ်ရှုနိုင်ပါ၏။ ရှေးဖြစ်စဉ်မီသော ရှေးလူကြီးသူမတို့ထံ စုံစမ်းမေးမြန်း ရရှိလျှင် နောင်အလျဉ်းသင့်သော ဆောင်းပါး၌ ထည့် သွင်းဖော်ပြပေးပါမည်။
.
သမိုင်းကောက်ကြောင်းး။ တစ်ဆက်တည်းမှာ၊ ယခုကိုးကားသော စာတမ်းတွင် ပါရှိသည့် အင်းလေးဖောင်တော်ဦး ဘုရားသမိုင်းကောက်ကြောင်းလေးကို သတ်ပုံ အချို့ ပြင်ဆင်ပေးသည်က လွဲ၍ မူရင်းအတိုင်း ဆက်လက်ဖော်ပြပေးပါမည်။ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုရိုးစကားအတိုင်း လေ့လာပြီး ယခင်မူကွဲများနှင့် ချိန်ထိုးကာ သုံး သပ် ဝေဖန်နိုင်ရန် ရည်ရွယ်ပါသည်။ အထောက် အထားများလေ အချက်အလက် စုံလေ၊ ချင့်ချိန် နိုင်အား များလေ၊ အမှန်တရားနှင့် နီးစပ်ဆုံးဖြစ် နိုင်လေဟု ယူဆမိကြောင်းပါ။
.
သက္ကရာဇာ် ၄၇၃ ခုနှစ်တွင် ပုဂံပြည်ကြီး၌ နန်းစံသော နရပတိအလောင်းစည်သူမင်းသည် သင်္ကန်းနက် ဖောင်စကြာဖြင့် တိုင်းခန်း လှည့်လှည်၏။ သင်္ကန်းနက် ဖောင်စကြာသည် သွားလိုရာ အရပ်၊ လက်ညှိုးညွှန်က ရေပြင်ဖြစ်၍ မြင်းမိုရ်တောင်သို့ သွားရောက်လိုသော စိတ် ဆန္ဒမင်းကြီး၌ ပြင်းပြကြံရွယ် ရှေးရှုနေ၏။ လူ မရောက် မြင်းမိုရ်တောင် ဖြစ်ရကား၊ သိကြားမင်း နှင့် တောင်ညာစံ သုဇာတာ မိဖုရားတို့က လူ အိုခင်ပွန်းအယောင် ဖန်ဆင်းပြီး လောင်းလှေ ငယ်စီးနင်း လှော်ခတ်ဟန် ဖန်ဆင်းလျက်လာ၏။ မင်းကြီး မြင်၍ မေးမြန်းလျှင်၊ သူအိုခင်ပွန်းတို့ ၁၅ နှစ်အရွယ် အိမ်ထောင်ပြုပြီး မြင့်မိုရ်တောင်သို့ ရောက်လို၍ လှော်ခတ်ခဲ့ရာ ယနေ့တိုင် မရောက်နိုင်သေး၊ သွားရန် ကြံစည် အားထုတ်သူလောက် မိုက်သူ မရှိဟု တားမြစ်လို၍ ဉာဏ်ဆင်ပြော၏။ မင်းကြီး မယုံဘဲ ရှေ့ကသွားနှင့်သော လောင်းလှေငယ်အား မီရန် ဖောင်စကြာကို နှင်သော်လည်း မမီနိုင်၍ လက်လျှော့ရ၏။
.
ဇမ္ဗူသပြေ ပင်ရင်းသို့ ကားရောက်၏။ ဟိမဝန္တာတောအရပ်မှ ပါလာသော ဘီလူးမသည် သားငယ်ကို ပိုက်လျက်ရှိရာမှ ပင်လယ်သမုဒ္ဒရာသို့ သားငယ် မျောပါသွားခဲ့၏။ ကမ်းပါးက မျှော်ကြည့်ရင်း မြည်တမ်း ငိုကြွေးသံကို မင်းကြီး ကြားလျှင် ကြိမ်စကြာဖြင့် ရေပြင်ကို ရိုက်ခတ် သော်၊ ရေစောင့်နတ် ပေါ်လာပြီး ဘီလူးမ၏ သားငယ်ကို သယ်ဆောင်ယူပေး၏။ ဘီလူးမက ဝမ်းသာလှ၍ ဟိမဝန္တာ တောအရပ်ရှိ မွှေးကြိုင် လှသည့် သရက္ခန်သား အစစ်ကို ဖြတ်ယူလာပြီး မင်းကြီးအား ဆက်သ၏။ သိကြားမင်းက ကိုယ်ထင်ရှားပြကာ မင်းကြီးအား မြင်းမိုရ်တောင်သို့ မသွားရန်နှင့် မင်းကြီး၌ သာသနာကို ချီးမြှင့်ထောက်ပံ့ခြင်းဖြင့် သာသနာပြု တာဝန်များ ရှိသေးကြောင်းတို့ကို ပြောပြနားချ၏။ မင်းကြီး ထံရှိ သရက္ခန်သားကို ဘုရားငါးဆူ ထုပေး၏။ ဆူးဆောက်စာတို့ကို စုပေါင်း၍ မြတ်ပေါင်းမဥ္ဇူ တစ်ဆူ ဖန်တီးပေး၍ ၆ ဆူ ရ၏။ ရှင်ဖြူရှင်လှ ၂ ဆူနှင့် ပေါင်းသော် ဆင်းထုတော်မြတ် ၈ ဆူကို သိကြားမင်းက ဆက်သလေ၏။ သရက္ခန် ၅ ဆူနှင့် မြတ်ပေါင်း မဥ္ဇူဘုရားတို့၌ မြတ်စွာဘုရား၏ သရီဓာတ်တော် တစ်ဆူစီ ဌာပနာ ပူဇော်ထားပါသည်။
.
အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်သည့်နှစ်မှာ AD ၄၈၂ ခုနှစ်ဟု ပြ၏။ ညောင်ရွှေမြို့တည်နှစ်ကား AD ၁၃၅၉ ဟု ရှေ့၌ဖော်ပြခဲ့ပြီ။ နှစ်ပေါင်း ၈၇၇ စောပါ၏။ အင်းလေး အနောက်ဘက်ကမ်းရှိ တောင်ညိုတောင်တန်း ကြီးသို့ ရောက်လျှင် သောတာပန် နတ်ကြီးက နောင်သောအခါ သာသနာတော် ထွန်းကားမည့် အရပ် ဖြစ်လာမည်ကြောင့်၊ သရက္ခန်ဆင်းထု တော်မြတ် ၅ ဆူကို ဌာပနာစေတီ တည်ခဲ့ပေးရန်ကို ပြောကြား၏။ မင်းကြီးလည်း ပဥ္စမမြောက် တစ်ဆူကို ချန်၊ ရှေ့ ၄ ဆူကို ဆင်တော်ပေါ် တင်ပြီး ဓိဋ္ဌာန်လွှတ်၏။ မြတ်ပေါင်းမဥ္ဇူ တစ်ဆူကိုလည်း အခြားဆင်တစ်စီးပေါ် တင်ပြီး လွှတ်တော်မူ၏။ သန်းထောင်အရပ်၌ ဖောင်တော် ပေါက် တောင်ခြေရင်း အနီးဝန်းကျင်မှာ ဆင်များရပ်တံ့၍ လိုဏ်ဂူသွင်းပြီး ၄ ဆူ ဌာပနာသည်။ မြတ်ပေါင်းမဥ္ဇူ ဘုရားကို တင်ဆောင်သောဆင်မှာ တောင်အရပ်သို့ ဆက်လက် ထွက်ခွါ၍ မင်းကြီးက နန်းတော်သို့ ပြန်လည် ပင့်ဆောင်ရန် မိန့်ဆို၏။ သောတာပန် နတ်မင်းကြီးက မဟာဂါမရွာ၌သာ အပ်နှံထား ရှိရန် အကြံပြု၏။ နောင်သောအခါ သရက္ခန် ဘုရား ၄ ဆူနှင့် တပေါင်းတည်း ရှိလာလိမ့် မည်ဟုလည်း ဆက်ပြီး ပြောပြသဖြင့် မဟာဂါမရွာကျောင်း၌ ဆရာတော် အရိယဓမ္မရာသီထံ အပ်နှံပေးလျက် ရွာသူရွာသားများနှင့်အတူ ပွဲလမ်း ကျင်းပ ပူဇော်ကာ ရေစက်ချ အမျှဝေ ပေးကြပါသည်။
.
မြန်မာကောဇာ ၇၂၁ ခုနှစ်၊ ညောင်ရွှေမြို့ စော်ဘွားကြီး ဆီဆိုင်ဖ လက်ထက် သန်းထောင်အရပ်၌ ဘုရားရောင်ခြည်တော် ကွန့်မြူး ကြောင်း လာအကြောင်းကြား၍ ရှာဖွေစေရာ၊ ချုံနွယ်ပိတ်ပေါင်းအတွင်း လှိုဏ်ဂူ ပြိုပျက်မှ ဌာပနာ ဆင်းတုတော်များ ရရှိ၏။ ညောင်ရွှေဟော်နန်းသို့ ပင့်ဆောင်ကိုးကွယ်၏။ သီတင်းကျွတ်လဆန်း ၇ ရက်နေ့၊ ဟော်ဝင်းအတွင်း ယာယီစံကျောင်းတော်သို့ ပင့်ကာ အများပြည်သူ ဖူးမြော် ပူဇော်ခွင့် ပြုပေး၏။ ယင်းကာလ၌ ဘုရားငါးဆူ ပေါင်းဆုံပြီးဟု ယူဆဖွယ် သင့်/မသင့် ရှိ၏။ လိုဏ်ဂူပျက်မှ ပေါ် တော်မူ လေးဆူနှင့် သီးခြား အပ်နှံခဲ့သော မြတ်ပေါင်း မဥ္ဇူတို့မည်သို့ ပေါင်း ဆုံကြောင်း မြှုပ်ကွက်ဖြစ်နေသေးသည်။ နောင် ကောဇာ ၉၇၇ အရောက်၊ အမျိုးသမီး စော်ဘွား စဝ်နန်းနွံဖဲ လက်ထက်၌ ဝန်းကျင်စော်ဘွားငယ် များ ဝင်ရောက် တိုက်ခိုက်မှုများ ရှိလာရာ၊ ဖောင်တော်ဦးဘုရားများကို ရွှေအင်းတိန် ဘုရားကြီး၏ အရံစောင့်အသည်တော်များထံ အပ်နှံထား၏။ စဉ်လာမပျက် သီတင်းကျွတ်လဆန်း ၇ ရက် ညောင်ရွှေဟော်နန်းသို့ အရောက်ပင့် ပူဇော်ရာမှ ဒေသစာရီ ကြွချီပူဇော်ခြင်း အစဉ်အလာဖြစ်လာခဲ့ခြင်းဟု ဖော်ပြသည်။ နောက်ပိုင်းတွင် ကြားဌာနများ ပူဇော်ခွင့် တောင်းခံကြရာမှ တဖြည်းဖြည်းနှင့် ယနေ့မျက်မှောက်ခေတ် ၂၁ ဌာန ၁၇ ည ကျိန်း ၁၈ ရက်ခရီးစဉ် ဖြစ်လာ၏။ ကျောင်းတော်ဝင်ပွဲနေ့မှာ သီတင်းကျွတ် လပြည့်ကျော် ၃ ရက်နေ့ ဖြစ်ပါသည်။
.
ကပ်ရောဂါ။ အင်းလေးဖောင်တော်ဦး ရုပ်ပွားတော်များ ဒေသစာရီကြွချီ အပူဇော်ခံပွဲသည် မြန်မာ သာမက ကမ္ဘာတွင်ပါ ထင်ရှားသည့် ပွဲတော် ဖြစ်ပေသည်။ နှစ်စဉ် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မြဲ ဖြစ်သော်လည်း ယခုမူ ဒေသစာရီကြွချီ အပူဇော်ခံခြင်း မပြုလုပ်နိုင်သည်မှာ ၂ နှစ်တာ ကြာမြင့်ပြီ ဖြစ်ပေသည်။ ကမ္ဘာ့ကပ်ရောဂါ ဖြစ်သော COVID-19 ကြောင့် လူစုလူဝေး မလုပ်ရသည့် အခြေအနေကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်နှင့် ယခု ၂၀၂၁ ခုနှစ်တို့တွင် ဒေသစာရီကြွချီ အပူဇော်ခံပွဲကို မလုပ်ဖြစ်ရပေ။ ထိုသည်ကားလည်း သမိုင်းပင် ဖြစ်ပေသည်။
.
နိဂုံး။ သမိုင်းဘာသာရပ်သည် အတိတ်၌ ကျန်ရစ်သော အဟောင်းအဆွေး Dead Subject ဟု ဆိုကြ၏။ ဒေါက်တာသန်းထွန်းအား သမိုင်းကို ဘာကြောင့် သင်ရသနည်းဟုမေးရာ ဆရာကြီး က ''မအ အောင် သမိုင်း သင်ရသည်''ဟု မိန့်ဆို၏။ ဒဏ္ဍာရီဆန်သော အတိတ်ဖြစ်ရပ်တို့ကို ပြန်လည် တူးဖော်လေ့လာကြရာမှ ပုံပြင် မဟုတ်မူဘဲ ရှေးခေတ် တစ်ချိန်တုန်းက တကယ့် ဖြစ်ရပ်မှန်တွေဟု မြေထဲမှ ထွက်လာသောသက်သေခံ ရှေးဟောင်းပစ္စည်းများက အသံတိတ် ပြောပြနေကြပါကြောင်း တင်ပြရပါသည်။
.
[ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်ထုတ် ကမ္ဘောဇတိုင်းသတင်းဂျာနယ် အတွဲ(၅)၊ အမှတ်(၃၈)တွင် ဖော်ပြခဲ့သည့် ဆရာ ဒေါက်တာအောင်ကျော် ရေးသားသည့် ညောင်ရွှေပွဲ နွှဲဖို့၊ အင်းလေးဖောင်တော်ဦးဘုရား သမိုင်းကောက်ကြောင်း ဆောင်းပါး ကို အမီပြုကာ ပြင်ဆင်ရေးသားထားပါသည်။ ]