ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းကို ယနေ့မှစ၍ ပိတ်သိမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းကို ယနေ့မှစ၍ ပိတ်သိမ်း

မြန်မာ-တရုတ် နယ်စပ်ရှိ တစ်ခုတည်းသော လက်ကျန် ကုန်သွယ်မှုပြုလုပ်နေသည့် ချင်းရွှေဟော်ဂိတ် နယ်စပ်ကုန်သွယ်ရေးစခန်းကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်များမှ လွဲ၍ ကျန် ကုန်ပစ္စည်းများကို ယနေ့ အောက်တိုဘာ ၆ ရက်မှ စတင်၍ တင်သွင်းမှု ခွင့် မပြုတော့ဘဲ ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

.
တရုတ်နိုင်ငံက COVID-19 ကပ်ရောဂါအကြောင်းပြချက်ဖြင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိ ကျင်စန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ်၊ မန်ဝန်းဂိတ်၊ ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့ကို COVID -19 ကူးစက်မှု အကြောင်းပြကာ ဇူလိုင်လ ၈ ရက်မှ စတင်၍ ပိတ်ထားသည်။ 
.
ယခု ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ ထပ်မံ ပိတ်သိမ်းလိုက်ခြင်းကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စခန်းများ အားလုံးကို ပိတ်လိုက်ခြင်းပင် ဖြစ်သည်။
.
မြန်မာနိုင်ငံဘက်သို့ တင်ပို့ရန် ကျန်ရှိသည့် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မှ ကုန်ပစ္စည်းများကို အောက်တိုဘာ လကုန်အပြီး သယ်ယူရန်ကိုလည်း တရုတ်ဘက်က အကြောင်းကြားထားကြောင်း သိရသည်။
.
ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်တွင် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယင်းစခန်းမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အောက်တိုဘာ ၁ ရက်ထိ ပို့ကုန်/သွင်းကုန် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၅၉ ဒသမ ၃၃၉ သန်း ရှိပြီး ယခင်ကာလတူ အခြေအနေနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာသန်းပေါင်း ၇၆ ဒသမ ၄၂၄ လျော့နည်းသွားခဲ့သည်။  
.

Journal Download

Photo of three cats