ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက် ပို၍ မဲ ပေးခဲ့သူများကို သက်ဆိုင်ရာ ဒေသ၏ ရဲစခန်းများတွင် အမှုဖွင့် အရေးယူရန် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၂၂ ရက်တွင် ညွှန်ကြားထားကြောင်း သိရသည်။
.
ရွေးကောက်ပွဲ၌ သက်ဆိုင်ရာ မြို့နယ်အလိုက် နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၂ ကြိမ် ၃ ကြိမ်နှင့် အထက် ပါဝင်သူများ၏ ဆန္ဒမဲပေးမှု အခြေအနေကို စိစစ်နေပြီး နိုင်ငံသားစိစစ်ရေးကတ် အမှတ်တူ နာမည်တူနှင့် ကျန် အချက်အလက် အားလုံး တူသည့် မဲဆန္ဒရှင် တစ်ယောက်တည်းက မဲရုံမဲနှင့် ကြိုတင်မဲပေးခြင်း၊ တစ်ကြိမ်ထက် ပို၍ ဆန္ဒမဲပေးသူများကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉ နဲ့အညီ အမှုဖွင့် အရေးယူနိုင်ရေး အကြောင်းကြားထားပြီး ဖြစ်သည်ဟု ယင်းစာအရ သိရသည်။
.
မဲဆန္ဒရှင် စာရင်းကို စိစစ်ခြင်းသည် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၃ အရ စီစစ်ခြင်း ဖြစ်ကာ စိစစ်တွေ့ရှိချက်များအရ တစ်ကြိမ်ထက် ပို၍ ဆန္ဒမဲ ပေးမှုသည် ရွေးကောက်ပွဲ ပျက်ပြားစေရန် ဆောင်ရွက်ခြင်း ဖြစ်ပြီး နောင်အခါ ပြစ်မှု မကျူးလွန်နိုင်ရန် အရေးယူဖို့ လိုအပ်သောကြောင့် ညွှန်ကြားခြင်း ဖြစ်သည်ဟု ညွှန်ကြားစာတွင် ဖော်ပြသည်။
.
ရွေးကောက်ပွဲ အပြီး ၂ လအကြာ အာဏာသိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာထားသော်လည်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာကလည်း ရွေးကောက်ပွဲသည် လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲ အဖြစ် အသိအမှတ်ပြု ကြေညာထားကြသည်။