ရှမ်းပြည်နယ်၌ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေးအတွက် ရှိပြီးသား အရင်းအမြစ်များကို အသုံးချနိုင်ခြင်းဖြင့် ပြည်နယ်အတွက် အကျိုးရှိမည် ဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့သို့ ရောက်ရှိနေသော စစ်ကောင်စီ ဥက္ကဌသည် အောက်တိုဘာလ ၁ ရက်က ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံပွဲ ပြုလုပ်စဉ် လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားရာ၌ ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် သံလွင်မြစ်နှင့် အခြား အရင်းအမြစ် များစွာ ရှိကြောင်း၊ အလားတူ ကျောက်မီးသွေးများ ထွက်ရှိသဖြင့် ကျောက်မီးသွေး အသုံးပြု၍ ခေတ်မီ နည်းပညာများဖြင့် စနစ်တကျ ထုတ်လုပ်နိုင်ပါက ပတ်ဝန်းကျင် ထိခိုက်မှုကို နည်းပါးစေပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူ၍ ရကြောင်း၊ တောင်ပေါ်ဒေသ ဖြစ်သည့်အတွက်လည်း လေအားလျှပ်စစ်ဓာတ်အားများ ထုတ်ယူ၍ ရကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေးအတွက် ရှိပြီးသား အရင်းအမြစ်များကို အသုံးချနိုင်ခြင်းဖြင့် ပြည်နယ်အတွက် အကျိုးရှိမည် ဖြစ်ကြောင်း၊ လျှပ်စစ် ဓာတ်အားများ လုံလောက်စွာ ရရှိခြင်းဖြင့် ဖွံ့ဖြိုတိုးတက်မှုများအား များစွာ အထောက်အကူ ပြုစေမည် ဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဌ က ပြောသည်။
.
ထို့အတူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေး အတွက် Bio Gas အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး အတွက်လည်း နည်းလမ်း ရှာဖွေဆောင်ရွက်ရန် လိုကြောင်းကို မှာကြားခဲ့သေးသည်။
.
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အခြေပြု အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများကမူ ဒေသခံပြည်သူများနှင့်အတူ ရှမ်းပြည်နယ်ရှိ သဘာဝ အရင်းအမြစ်များအား အသုံးပြု၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုကို အစိုးရအဆက်ဆက်တွင် အစဉ်တစိုက် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။