ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဟိုပုံးမြို့၊ တံခမ်းရပ်ကွက်နေ ပေါက်ချန် (ခ) မျိုးမြင့် ၏ နေအိမ်အား အောက်တိုဘာလ ၁၀ ရက်၊ ညနေပိုင်းက ၀င်ရောက် ရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၄၄ ဂရမ် (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၈ ဒသမ ၈ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၃၁၀ ပြား (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၂၆ ဒသမ ၅၅ သိန်း)နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ရွာငံ-ကျောက်ဆည်သွား ကားလမ်း၌ အောက်တိုဘာလ ၁၁ ရက်၊ နေ့လယ်တွင် ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ ခွန်စိုးထွန်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော ဘိန်းစိမ်းအလေးချိန် ၇ ကီလို (ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၂၁ သိန်း)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ ပေါက်ချန် (ခ) မျိုးမြင့်နှင့် ခွန်စိုးထွန်း တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း CCDAC က ထုတ်ပြန်ထားသည်။