တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဟိုပုံးသွားကားလမ်းတွင် အောက်တိုဘာလ ၁၅ ရက် ညနေပိုင်းက ငွေကျပ် သိန်း ၉၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၅ ရက် ညနေ ၇ နာရီ အချိန်ခန့်က တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံးသွား ကားလမ်း (၄)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များ အား ရှာဖွေစစ်ဆေးနေစဉ် ဟိုပုံးဘက်မှ တောင်ကြီးဘက်သို့မောင်းနှင်လာသော ခရီးသည်တင် မော်တော်ယာဉ် တစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည် တင်ဝင်းနှင့် သန်းကျော်မောင် တို့၏ ပီနံအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈၀၀၀ ပြား၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၉၉၀ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တင်ဝင်းနှင့် သန်းကျော်မောင် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။