မိုင်းကိုင်မြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းက မော်တော်ယာဉ် တစ်စီး ဗုံးဖြင့် အပစ်ခံရပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း သိရသည်။
.
ဟမ်းငိုင်းကျေးရွာ၌ လှူဖွယ်ပစ္စည်းများ ဝယ်ယူပြီး အပြန်ခရီးသို့ မောင်းနှင်လာသော မော်တော်ယာဉ်သည် နောင်တောင်းရွာ အနီး လမ်းပေါ်တွင် ဗုံးဖြင့် အပစ်ခံရခြင်း ဖြစ်သည်ဟု မိုင်းကိုင်မြို့ သံဃာ့ ဩဝါဒခံ နာရေးကူညီမှုအသင်းက ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ ဗုံးနှင့် အပစ်ခံရသည့် မော်တော်ယာဉ်ပေါ်တွင် လူ ၅ ဦး လိုက်ပါ စီးနင်းလာခြင်း ဖြစ်ကာ ယင်းတို့အနက် အသက် ၅၀ ဝန်းကျင်ခန့် ရှိ အမျိုးသားတွင် ထိခိုက်ဒဏ်ရာများ ရခဲ့သဖြင့် မိုင်းကိုင်ဆေးရုံသို့ နာရေးကူညီမှုအသင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
“ ကျနော် ကြားမိသလောက် သူတို့က ကိုယ်ပိုင်ကားနဲ့ ဟမ်းငိုင်းစျေးသွားကြပြီး အပြန်မှာ RCSS က လူမှားပြီး ပစ်လိုက်တယ်။ သူတို့ကားအနောက်မှာ SSPP ကားလိုက်လာတယ်။ ဟမ်းငိုင်းအကျော်မှာ လမ်းက နှစ်ခုရှိတယ်။ အပေါ်လမ်းနဲ့ အောက်လမ်းရှိတယ်။ ပစ်ခံရတဲ့ ရွာသားတွေက အောက်လမ်းသွားတယ်။ SSPP ကားက အပေါ်လမ်းကသွားတယ်” ဟု နောင်တောင်းရွာခံတစ်ဦးက ရွှေဖီမြေသတင်းအေဂျင်စီသို့ ပြောဆိုထားသည်။
.
မိုင်းကိုင်မြို့နယ်၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ ၄၀၀၀ ကျော်ခန့် ရှိနေကြောင်း သိရသည်။