ရှမ်းပြည်နယ်တွင် စစ်ဘေးရှောင် စုစုပေါင်း ၁၆၀၀၀ ကျော် ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် စစ်ဘေးရှောင် စုစုပေါင်း ၁၆၀၀၀ ကျော် ရှိ


ရှမ်းပြည်နယ်တွင် စစ်ဘေးရှောင် ပြည်သူ စုစုပေါင်း ၁၆၀၀၀ ကျော် ရှိပြီး ၎င်းတို့၏ စားဝတ်နေရေး ကိစ္စများသည်လည်း တနေ့တခြား ခက်ခဲလာသည်ဟု သျှမ်းကျောင်းသားသမဂ္ဂ က အောက်တိုဘာလ ၁၅ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

.

နှစ်ရှည် စစ်ဘေးရှောင်စခန်းနှင့် အရေးပေါ်ယာယီ စစ်ဘေးရှောင်စခန်း ဟူ၍ ၂ မျိုး ခွဲခြား သတ်မှတ်ထားပြီး စစ်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူများ တနေ့တခြား တိုးပွားလာလျက် ရှိသကဲ့သို့ ၎င်းတို့အား ကူညီနိုင်ရန် စစ်ဘေးရှောင်လူဦးရေ စာရင်းကို ပြုစုသည်ဟု သျှမ်းကျောင်းသားသမဂ္ဂ က ဖော်ပြထားသည်။

.

နှစ်ရှည်စစ်ဘေး​ရှောင် စခန်းများသည် နမ့်ခမ်း၊ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံမြို့နယ်တို့တွင်တည်ရှိ၍ ၂၀၁၂ ခုနှစ် နောက်ပိုင်း စစ်တပ်နှင့် KIA/TNLA/MNDAA တို့၏ တိုက်ပွဲများကြောင့်လည်းကောင်း၊ RCSS နှင့် TNLA တို့၏ တိုက်ပွဲများကြောင့် လည်းကောင်း ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများသည် စစ်ရှောင်စခန်းတွင် ယနေ့ထိ နေရပ်မပြန်နိုင်သေးဘဲ နေထိုင်လျက် ရှိ‌ကြောင်း သိရသည်။

.

ထို့အတူ အရေးပေါ်ယာယီ စစ်ရှောင်စခန်းများသည် မုံးကိုး၊ ဖောင်းဆိုင်၊ ကျောက်မဲ၊ သီပေါ၊ နမ့်လန်၊ မိုင်းကိုင်၊ ကျေးသီး နှင့် လဲချားမြို့နယ်များတွင်တည်ရှိ၍ လက်ရှိ RCSS နှင့် မြောက်ပိုင်းမဟာမိတ်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လည်းကောင်း၊ MNDAA နှင့် စစ်ကောင်စီတို့၏ တိုက်ပွဲများကြောင့် လည်းကောင်းယခု ကာလအတွင်း အရေးပေါ်တိမ်းရှောင်နေရသည့် ပြည်သူများသည် အရေးပေါ်ယာယီ စစ်ရှောင်စခန်းများတွင် ခိုလှုံလျက်ရှိကြောင်း သိရသည်။

.


အဆိုပါ စစ်ဘေးရှောင်ပြည်သူများမှာ ကွတ်ခွတ်မြို့နယ်၌ ၄၉၈၅ ဦး၊ နမ္မတူမြို့နယ်၌ ၆၃၆ ဦး၊ နမ့်ခမ်းမြို့နယ်၌ ၉၆၃ ဦး၊ မူဆယ်မြို့နယ်၌ ၉၃၄ ဦး၊ မန်တုံမြို့နယ်၌ ၂၈၂ ဦး၊ သိန္နီမြို့နယ်၌ ၃၉၇ ဦး၊ ကျောက်မဲမြို့နယ်၌ ၂၅၀၀ ဦးကျော်၊ မုံးကိုး၌ ၁၀၀၀ ဦးကျော်၊ မိုင်းကိုင်မြို့နယ်၌ ၄၀၀၀ ဦးကျော်၊ လဲချားမြို့နယ်၌ ၂၀၀ ဦးကျော်၊ ကွန်ဟိန်းမြို့နယ်၌ ၁၀၀ ဦးကျော်၊ စုစုပေါင်း ၁၆၀၀၀ ဦးကျော်ခန့် ရှိပြီး ယင်းအနက် ၆၅၀၀ ဦးကျော်ခန့်မှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ဘေးရှောင် နေရသူများ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats