အာဆီယံ အထူးကိုယ်စားလှယ်၏ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့နိုင်ရန်အတွက် ၄ လတာ အပစ်ရပ်ရေး တောင်းဆိုချက်ကို ကြိုဆိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း က ပြောဆိုခဲ့ကြောင်း သိရသည်။
.
NCA လက်မှတ် ရေးထိုးထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၁၉/၂၀၂၁) ၏ အဖွင့် မိန့်ခွန်းတွင် နိုင်အောင်မင်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
COVID-19 ကပ်ရောဂါကို ကျော်လွှားနိုင်ရန် PPST အနေဖြင့် နည်းလမ်းရှာ ကြိုးပမ်းနေကြောင်း၊ လက်ရှိ နိုင်ငံရေး အကြပ်အတည်းကို NCA ၏ အနှစ်သာရအား အခြေခံ၍ သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရန် အသိသက်သေနိုင်ငံများနှင့် အဖွဲ့အစည်းများကို ကြားဝင်စေ့စပ် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့ပြီး အကောင်အထည်ဖော်ရေး ကြိုးပမ်းနေကြောင်း၊ အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရေး ကြိုးပမ်းနေကြောင်းကိုလည်း ယင်း အဖွင့်မိန့်ခွန်းတွင် ပြောဆိုခဲ့ကြောင်း သိရသည်။
.
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၁၉/၂၀၂၁)ကို ယနေ့ စက်တင်ဘာလ ၇ ရက်၊ နံနက်ပိုင်းမှ စတင်ကာ Video Conferencing ဖြင့် ကျင်းပနေခြင်း ဖြစ်ပြီး အစည်းအဝေးကို စက်တင်ဘာလ ၈ ရက် အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
.