တောင်ကြီးမြို့နယ် အတွင်း Pilot Project အစီအစဉ်ဖြင့် ၌ ဒေသခံ ပြည်သူများအား COVID-19 ရောဂါပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးနေရာ စက်တင်ဘာလ ၂၁ ရက်ထိ ပိုး ရှိသူ စုစုပေါင်း ၇၁၆ ဦး တွေ့ရှိခဲ့ကြောင်း တောင်ကြီးမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံမှ သိရသည်။
.
ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်မှ ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်ထိ ၂၈ ရက်တာ ကာလအတွင်း ဒေသခံပြည်သူ ၁၀၂၃၅ ဦးကို RTD ဖြင့် စစ်ဆေးစဉ် ၇၁၆ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
.
တောင်ကြီးမြို့နယ် အတွင်း၌ ဇွန်လ ၁ ရက်မှ ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၄၉၃၁ ဦး တွေ့ရှိခဲ့သည့်အနက် သေဆုံးသူ ၂၂၄ ဦး၊ ပိုး ကင်းစင်သူ ၄၃၀၃ ဦး ရှိခဲ့ပြီး ယခု ရက်ပိုင်းတွင် ပိုး တွေ့နှုန်း ကျဆင်းလာကြောင်း တွေ့ရသည်။
.
" ပိုး တွေ့နှုန်း အခု ရက်ပိုင်းမှာ ကျဆင်းလာတာက အားလုံး စည်းကမ်းလိုက်နာကြတဲ့ အပေါ်မှာလည်း မူတည်တယ်။ နောက်ပြီးတော့ contact တွေကို လိုက်ပြီး စစ်နိုင်တာကြောင့်လည်း ပါ ပါတယ်။ ပိုး တွေ့တဲ့ လူတွေကလည်း စည်းကမ်း လိုက်နာတာကြောင့်လည်း ဖြစ်ပါတယ်။ " ဟု တောင်ကြီးမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ဦးအောင်ဆွေမြင့်က ပြောသည်။
.
COVID-19 ကူးစက် ပျံ့နှံမှုအား ထိန်းချုပ်နိုင်ရန်အတွက် Stay at Home သတ်မှတ်ထားသည့် တောင်ကြီးမြို့နယ်တွင် Pilot Project ဖြင့် COVID-19 စစ်ဆေးမှုများ ပြုလုပ်နေသည့် အပြင် COVID-19 ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအသုတ် (ပထမအကြိမ်)အား ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။