လွယ်ကူ ရှင်းလင်းသည့် စီမံခန့်ခွဲမှုစနစ်နှင့် အုပ်ချုပ်မှုစနစ် ဖြစ်မှသာ Good Governance စနစ်ကို ဖော်ဆောင်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည် ဖြစ်သည်ဟု စစ်ကောင်စီ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
.
စစ်ကောင်စီ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအား စက်တင်ဘာလ ၂၈ ရက်တွင် ပြုလုပ်စဉ် ဗိုလ်ချုပ်မှူးကြီးက အမှာစကား ပြောကြားရာ၌ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
မိမိတို့ နိုင်ငံသည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက် ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်သည့် အချိန်တွင် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီရန်နှင့် အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ကိုက်ညီမှု ရှိရန် လိုအပ်ကြောင်း၊ လိုအပ်သည့် နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များအား လက်ရှိ ပကတိအခြေအနေနှင့် ကိုက်ညီအောင် ဆောင်ရွက်ရန် လိုကြောင်း၊ လွယ်ကူ ရှင်းလင်းသည့် စီမံခန့်ခွဲမှုစနစ်နှင့် အုပ်ချုပ်မှုစနစ် ဖြစ်ရန် လိုကြောင်း၊ သို့မှသာ Good Governance စနစ်ကို ဖော်ဆောင်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
.
နိုင်ငံ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂ ရက်တွင် စတင် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဗိုလ်ချုပ်မှူးကြီး အပါအဝင် ၁၉ ဦး ပါရှိကာ သြဂုတ်လ ၁ ရက်တွင် အဆိုပါ စစ်ကောင်စီ၏ စီမံခန့်ခွဲရေးကော်မတီကို အိမ်စောင့်အစိုးရဟု ပြင်ဆင် ဖွဲ့စည်း၍ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီးကပင် ဆောင်ရွက်နေလျက်ရှိသည်။
.
လက်ရှိတွင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် တစ်ခုတည်းသော GDP ကျဆင်းသောနိုင်ငံအဖြစ် ရပ်တည်နေလျက်ရှိကာ ပြည်သူများမှာလည်း အထွေထွေ အကြပ်အတည်းများကို ရင်ဆိုင်နေကြရသည်။