COVID-19 ကူးစက်မှု အနည်းငယ် လျော့နည်းလာသည့် တောင်ကြီးခရိုင်ရှိ မြို့နယ်များတွင် ကူးစက်မှု ပြန်လည် မြင့်မားလာမည်ကို ပရဟိတသမားများ အပါအဝင် ပြည်သူအချို့က စိုးရိမ်နေကြောင်း သိရသည်။
.
" တောင်ကြီးခရိုင် ဆိုတာထက် အထူးသဖြင့် တောင်ကြီးမြို့ပေါ့ ခုရက်ပိုင်းမှာ ပိုးတွေ့မှု နည်းနည်း လျော့လာတယ်။ Pilot Project လုပ်ပြီး စစ်တာတောင် ပိုးတွေ့နှုန်းက အရင်လောက် မရှိတော့ဘူး။ သေဆုံးတာလည်း မရှိသလောက် ဖြစ်လာတယ်။ ထိန်းနိုင်လာတယ်လို့ ပြောလို့ ရမှာပေါ့။ ဒါပေမယ့် မနေ့က အခြေအနေတွေကြောင့် ပြန် တက်လာမှာကို စိုးရိမ်ရတယ်။" ဟု တောင်ကြီးမြို့ပေါ်မှ ပရဟိတသမား တစ်ဦးက ပြောသည်။
.
COVID-19 စည်းမျဉ်းစည်းကမ်းများအား ဟန်ချက်ညီညီ လုပ်ဆောင်ရန် လိုအပ်ပြီး ယင်းသို့ မဆောင်ရွက်ပါက အမှန်တကယ် လိုက်နာဆောင်ရွက်ကြရသည့် ပြည်သူများအတွက် နစ်နာမှု ရှိကြောင်းလည်း ပြောဆိုနေကြသည်။
.
" Stay at Home ကြောင့် ပြည်သူတွေ ငတ်နေကြရတယ်။ ဒါပေမယ့်လို့ ကပ်ရောဂါ ဖြစ်တဲ့အတွက် အားလုံးက တောင့်ခံပြီး လုပ်နေကြရတာ။ ထိန်းနိုင်မယ်ဆိုရုံပဲ ရှိသေးတယ်။ ဟိုပုံးမှာ လူစုလူဝေးတွေ ဖြစ်လာတယ်။ အဲဒါကို မထိန်းနိုင်ဘူးဆိုရင် ဒီဘက်က လုပ်ထားတာတွေ အလကားပဲ။ အနည်းဆုံးတော့ အဝင်/အထွက် ပိတ်သင့်တယ်။ " ဟု တောင်ကြီးမြို့နေသူ တစ်ဦးက ပြောသည်။
.
ဟိုပုံးမြို့နယ်၌ ယမန်နေ့က လူစုလူဝေး ဖြစ်ခဲ့မှု အပေါ် ပြစ်တင်ဝေဖန်မှုများ ရှိနေသကဲ့သို့ ပူးပေါင်း ဆောင်ရွက်လာစေရေး အတွက် စည်းရုံး ပညာပေးမှုကို အရှိန်မြှင့် လုပ်ဆောင်ရန် အကြံပြုမှုများလည်း ထွက်ပေါ်ခဲ့သည်။
.
တောင်ကြီးခရိုင်တွင် တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့ ပါဝင်ပြီး တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေမြို့နယ်နှင့် ကလောမြို့နယ်မှ အောင်ပန်းမြို့တို့ကို Stay at Home သတ်မှတ်ထားသည်။
.
COVID-19 တတိယလှိုင်း ကာလ ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၂ ရက်အတွင်း တောင်ကြီးခရိုင်၌ COVID-19 ပိုးရှိသူ စုစုပေါင်း ၈၉၆၉ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၃၇၀ ဦး သေဆုံး၍ ဆေးရုံဆင်းခွင့်ရသူ ၆၃၁၆ ဦး ရှိကြောင်း သိရသည်။
.
#KBZTai #Shan #COVID19 #3Sep2021