တာချီလိတ်မြို့တွင် COVID-19 တတိယလှိုင်းကာလအတွင်း သေဆုံးမှု မြင့်တက်လာ၍ မီးသင်္ဂြိုဟ်စက် အပူလွန်ကဲကာ ပျက်သွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မြို့တွင် COVID-19 တတိယလှိုင်းကာလအတွင်း သေဆုံးမှု မြင့်တက်လာ၍ မီးသင်္ဂြိုဟ်စက် အပူလွန်ကဲကာ ပျက်သွား

တာချီလိတ်မြို့တွင် CoVID-19 တတိယလှိုင်းကာလအတွင်း သေဆုံးမှု မြင့်တက်လာပြီး တစ်ရက်လျှင် နေ့/ည ၁၀ ဦးနှင့်အထက် မီးသင်္ဂြိုဟ်ပေးနေရသည့်အတွက် မြို့မသုသာန်သစ် (ပုံလို့)ရှိ မီးသင်္ဂြိုဟ်စက် ၂ လုံးမှာ အပူ လွန်ကဲပြီး ပျက်စီးသွားခြင်းကြောင့် ပြုပြင်ရန် စောင့်နေဆဲကာလအတွင်း မီးသင်္ဂြိုဟ်ခုံဖြင့်သာ လောင်စာထင်းများ အသုံးပြုကာ သင်္ဂြိုဟ်ပေးနေလျက်ရှိကြောင်း တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့) ကော်မတီက စက်တင်ဘာလ ၅ ရက်တွင် အသိပေးထားသည်။

မြို့မသုသာန်သစ် (ပုံလို့)တွင် ထားရှိသည့် မီးသင်္ဂြိုလ်စက် ၂ လုံးမှာ ထိုင်းဘတ်ငွေ ၃၂ သိန်းဖြင့် ထိုင်းနိုင်ငံမှ ဝယ်ယူပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၉ ရက်က စတင်ကာ အသုံးပြုခဲ့ပြီး အဆိုပါ စက်များမှာ တစ်နေ့လျှင် အလောင်း ၂ လောင်းသာ အသုံးပြုနိုင်ပြီး ၃ ဦးအထက် ပိုသုံး၍ မရကြောင်း သတ်မှတ်ထားသည့် စက်များ ဖြစ်ကြောင်း သိရသည်။
.
ယခု COVID-19 တတိယလှိုင်း ကာလအတွင်း၌ တစ်နေ့လျှင် နေ့/ည ၁၀ ဦးနှင့်အထက် မီးသင်္ဂြိုဟ် ပေးရသည့်အတွက် စက် ၂ လုံးမှာ အပူရှိန် လွန်ကဲပြီး ပျက်စီးသွားရာ ပြုပြင်ရန်အတွက် ထိုင်းနိုင်ငံဘက် ကုမ္ပဏီသို့  ချိတ်ဆက် ခေါ်ယူသော်လည်း COVID-19 ကာလ နှစ်နိုင်ငံ သွားလာမှု အခက်အခဲကြောင့် လာရောက်ပြုပြင်ပေးရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရကြောင်းနှင့် စက်များ အမြန်ဆုံး ပြန်လည်ပြုပြင် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း တာချီလိတ်မြို့မသုသာန်သစ် (ပုံလို့)ကော်မတီက အသိပေး ပန်ကြားထားခြင်း ဖြစ်သည်။
.
တာချီလိတ်မြို့တွင် COVID-19 တတိယလှိုင်းကာလအတွင်း ဆေးရုံ၌ သေဆုံးသူများနှင့် ရပ်ကွက်အတွင်း နေအိမ်၌ သေဆုံးသူများအား တာချီလိတ်နာရေးကူညီမှုအသင်း နှင့် မေတ္တာရှင် (သာရေး/နာရေး) လူမှုကူညီရေးအသင်းတို့က ချက်ခြင်း သင်္ဂြိုဟ်ပေးနေရာတွင် သေဆုံးသည့်အလောင်း များလာပါက ရံဖန်ရံခါတွင် ကျောက်တောင် သုသာန်ဟောင်းတွင်ပါ သွားရောက်၍ မီးသင်္ဂြိုဟ်ရသည်များလည်း ရှိကြောင်း သိရသည်။
.
တာချီလိတ်မြို့၌ COVID-19 တတိယလှိုင်းကာလအတွင်း ဆေးရုံတွင် သေဆုံးသူ  ၉၀ နီးပါး ရှိနေပြီး ဆေးရုံပြင်ပ နေအိမ်များတွင် သေဆုံးသူမှာ ဆေးရုံတွင် သေဆုံးသူများထက် အရေအတွက် များပြားကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
.
#KBZTai  #Shan  #Tachileik  #6Sep2021

Journal Download

Photo of three cats