COVID-19 ပိုး တွေ့သူများ အနေဖြင့် ဆေးရုံဆင်းခွင့် လက်မှတ် ရရှိပါက ပိုးတွေ့ကြောင်း အတည်ပြုသည့် ရက်မှ စတင်၍ ရက်ပေါင်း ၉၀ အတွင်း ခရီးသွားရာတွင် အသွားအလာကန့်သတ် ထားရှိခြင်း (Quarantine)နှင့် ရောဂါအတွက် ဓါတ်ခွဲစမ်းသပ် စစ်ဆေးမှု ဆောင်ရွက်ခြင်းတို့မှ ကင်းလွတ်ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ အသိအမှတ်ပြု ဆေးသုတေသနဌာနများမှ သုတေသန ပြုချက်များအရ COVID-19 ရောဂါ ဖြစ်ပွားပြီးသူများတွင် ရောဂါ ပြန်လည်ဖြစ်ပွားမှုအား တုံ့ပြန်နိုင်သည့် Anti Body Level မှာ လအနည်းငယ်အထိ ရှိနိုင်ပြီး အဆိုပါကာလအတွင်း ရောဂါ ပြန်လည်ဖြစ်ပွားမှု မရှိနိုင်ကြောင်း တွေ့ရသဖြင့် ယင်းကဲ့သို့ ကင်းလွတ်ခွင့်ပြုခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
အဆိုပါ သူများအနေဖြင့် COVID-19 ဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာလိုက်နာရန် လိုအပ်မည် ဖြစ်ပြီး ရောဂါ လက္ခဏာများ ပေါ်ပေါက်လာပါက ဓါတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းနှင့် အသွားအလာ ကန့်သတ်ခြင်းတို့ကို လုပ်ငန်း လမ်းညွှန်များအတိုင်း ဆောင်ရွက်မည်ဟုလည်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာတစ်နိုင်ငံလုံးတွင် စက်တင်ဘာလ ၂၈ ရက်ထိ COVID-19 ပိုးရှိသူ စုစုပေါင်း ၄၆၁၀၆၆ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့်ရသူ ၄၁၅၃၇၆ ဦး ရှိ၍ ၁၇၆၃၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
#KBZTai #Shan #News29Sep2021