ကျောက်မဲမြို့နယ် အတွင်းရှိ စစ်ရှောင်စခန်းများမှ စစ်ဘေးရှောင် ပြည်သူများ၏ ဓါတ်ခွဲနမူနာများအား ယခု စက်တင်ဘာလ ၆ ရက်မှ ၁၂ ရက်အတွင်း စစ်ဆေးရာ COVID-19 ပိုးရှိသူ စုစုပေါင်း ၁၇၁ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
မန်ခါ စစ်ဘေးရှောင်စခန်းမှ ၁၄၇ ဦးနှင့် နမ့်ဆော့ စစ်ဘေးရှောင်စခန်းမှ ၂၄ ဦး၊ စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၁၇၁ ဦးတို့တွင် COVID-19 ပိုး ကူးစက်ခံထားရခြင်း ဖြစ်သည်။
.
အဆိုပါ COVID-19 ပိုးတွေ့ အတည်ပြု စစ်ရှောင် ပြည်သူများကို သက်ဆိုင်ရာ စစ်ရှောင်စခန်းများတွင် သီးသန့် ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးမည် ဖြစ်ကြောင်း သိရသည်။
.
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်ကြသည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့၏ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဇူလိုင်၊ ဩဂုတ်လများတွင် ထောင်ချီရှိသော ဒေသခံပြည်သူများမှာ စစ်ရှောင် အဖြစ် ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်ကာ ယခုတွင် COVID-19 ကပ်ရောဂါကိုပါ ထပ်မံ ကြုံတွေ့နေကြရခြင်း ဖြစ်သည်။
.
ကျောက်မဲမြို့နယ်တွင် COVID-19 တတိယလှိုင်း ကာလ ဇွန်လ ၂၂ ရက်မှ စက်တင်ဘာလ ၁၃ ရက်အထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၁၉၀ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၆၁ ဦး ရှိကြောင်း သိရသည်။
.
#KBZTai #Shan #News14Sep2021