ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ မြို့မဈေးအား ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေလျက် ရှိကြောင်းနှင့် ဈေးသည်များ COVID-19 ကာကွယ်ဆေး ထိုးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
.
ဟိုပုံးမြို့မဈေးအား COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ် COVID-19 ထိန်းချုပ် ကာကွယ်ရေးကော်မတီနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိပြီး ဈေး ပြန်လည် ဖွင့်လှစ်ပါက ဈေးရောင်းချမည့် ဈေးသည်များ အနေဖြင့် COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံထားရန် လိုအပ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရန် စည်ပင်သာယာရေးဌာနသို့ စာရင်းပေးသွင်းရန် ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် အသိပေး ကြေညာခဲ့ခြင်း ဖြစ်သည်။
.
" ဖွင့်မယ့် ရက် အတိအကျတော့ မသတ်မှတ် ရသေးဘူး၊ စည်းကမ်းချက်တွေနဲ့အညီ ပြန်ဖွင့်ဖို့ စီစဉ်နေတာပေါ့။ မြို့နယ် COVID-19 ထိန်းချုပ် ကာကွယ်ရေးကော်မတီနဲ့ တိုင်ပင်ပြီးတော့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၂၀ ရက်) မတိုင်မီ ဖွင့်နိုင်ဖို့တော့ ကြိုးစားနေပါတယ်။ " ဟု ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်က ပြောသည်။
.
ဈေး ပြန်လည် ဖွင့်လှစ်ပါက ဈေးသည်များ အနေဖြင့် ကိုယ်တိုင် ကူးစက်မှု မခံရရေး၊ အခြားသူသို့ ကူးစက်မှု မဖြစ်စေရေးအတွက် ကျန်းမာရေး လမ်းညွှန်ချက်များနှင့် ပြုမူ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်းနှင့် စာရင်း ပေးသွင်း၍ COVID-19 ရောဂါ ကာကွယ်ဆေးထိုးရန် လိုအပ်မည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
.
ဟိုပုံးမြို့မဈေးကို ဇူလိုင်လ ၂၂ ရက်မှ စတင် ပိတ်သိမ်းထားခြင်း ဖြစ်သည်။
.
ဟိုပုံးမြိုနယ်တွင် COVID-19 တတိယလှိုင်းကာလ စက်တင်ဘာလ ၂၁ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၇၇၅ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၁၃ ဦး၊ ပိုးကင်းစင်သူ ၆၇၆ ဦး ရှိ၍ ကုသဆဲ ၈၆ ဦး ရှိကြောင်း သိရသည်။