တောင်ကြီးမြို့နယ် အတွင်း၌ စက်တင်ဘာလ ၁ ရက်မှ ယနေ့ စက်တင်ဘာလ ၆ ရက်အထိ ၆ ရက်တာ ကာလအတွင်း COVID-19 ဖြင့် သေဆုံးသူ ၃၀ ဦး၏ ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနထံမှ သိရသည်။
.
စက်တင်ဘာလ ၆ ရက်တာ ကာလအတွင်း တောင်ကြီးမြို့နယ်၌ ရုပ်အလောင်း စုစုပေါင်း ၇၂ ခုကို သင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်ပြီး ယင်းအနက် ၃၀ ခုမှာ COVID-19 ဖြင့် သေဆုံးရသူများ၏ ရုပ်အလောင်းများ ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်အတွင်း COVID-19 ဖြစ်ပွားမှု အခြေအနေများအား We Love Taunggyi (ပြန်/ဆက် ဌာနဟု ယူဆရ) Facebook စာမျက်နှာတွင် နေ့စဉ် ဖော်ပြနေလျက် ရှိရာ စက်တင်ဘာလ ၁ ရက်မှ ၆ ရက်အတွင်း COVID-19 ဖြင့် သေဆုံးခဲ့သူ ၆ ဦးသာ ရှိသည်ကို တွေ့ရသဖြင့် စာရင်း ကွာဟမှု အနေဖြင့် ရုပ်အလောင်း ၂၄ ခု ရှိနေသည်။
.
တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန သင်္ဂြိုဟ်လုပ်ငန်းက ဇူလိုင်လတွင် သာမန် သေဆုံးသူ ၁၈၄ ဦး၊ COVID-19 ဖြင့် သေဆုံးသူ ၁၇၇ ဦး၊ စုစုပေါင်း သေဆုံးသူ ၃၆၁ ဦးနှင့် ဩဂုတ်လတွင် သာမန် သေဆုံးသူ ၂၇၂ ဦး၊ COVID-19 ဖြင့် သေဆုံးသူ ၂၇၇ ဦး၊ စုစုပေါင်း သေဆုံးသူ ၅၄၉ ဦး၏ ရုပ်အလောင်းများကို သင်္ဂြိုဟ်ပေးခဲ့သည်ဟု သိရသည်။
.
Stay at Home သတ်မှတ်ထားသည့် တောင်ကြီးမြို့နယ်၌ မီးသင်္ဂြိုလ်ခြင်း လုပ်ငန်းကို စည်ပင်သာယာရေးဌာန ဝန်ထမ်းများက သက်ဆိုင်ရာ မီးသင်္ဂြိုဟ်စက်များတွင် စေတနာ့ဝန်ထမ်းများနှင့်အတူ COVID-19 စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi #COVID19 #6Sep2021