ပဲခူးတိုင်းဒေသကြီး၊ ဘူလယ်အင်း ကျေးရွာ အနီး၌ ဧရာဝတီဘဏ်၏ ငွေသယ်ဆောင်လာသည့် ယာဉ်ကို လူတစ်စုက ယာဉ်ထိန်းရဲ၊ ရဲတပ်ဖွဲ့ဝင်များ အယောင်ဆောင်ကာ ဓါးပြတိုက်ယူမှု စက်တင်ဘာလ ၁၃ ရက်က ဖြစ်ပွားခဲ့ပြီး ယင်း ဓါးပြ တိုက်သူများကို ဖမ်းမိပြီး ငွေများအား ပြန်သိမ်းနိုင်ကြောင်း စစ်ကောင်စီက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
.
ဧရာဝတီဘဏ်ရုံးချုပ် ဝန်ထမ်းများ ငွေ သယ်ဆောင်လာသည့် မော်တော်ယာဉ်ကို ယာဉ်ထိန်းရဲဝတ်စုံ၊ ရဲတပ်ဖွဲ့ဝင် ဝတ်စုံ ဝတ်ဆင်ထားသူ လူ ၇ ဦးက တားဆီးခဲ့ပြီး ယာဉ်ပေါ်ပါ ငွေကျပ် သိန်း ၄၀၀၀၀ ခန့်ကို ယူဆောင်သွားခြင်း ဖြစ်ပြီး ဘဏ်၏ သတင်းပေး အကြောင်းကြားမှုကြောင့် စုံးစမ်း စစ်ဆေးပြီးနောက် ဓါးပြတိုက်သူများကို ပဲခူးမြို့အတွင်း ဖမ်းမိခဲ့ပြီး ယူဆောင်သွားသော ငွေများနှင့်အတူ အသုံးပြုခဲ့သော လက်နက်များကို ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။
.
ယင်း ဓါးပြတိုက်မှုတွင် အမျိုးသား ၃ ဦး အမျိုးသမီး ၄ ဦး ပါဝင်ပြီး အမျိုးသမီးများ အနက် ၂ ဦးမှာ ဓါးပြ တိုက်ရာတွင် အသုံးပြုသည့် လက်နက်များကို သိမ်းဆည်းပေးထားသည့် သီလရှင်များ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
.
ဖမ်းဆီးမိသူများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်မည် ဖြစ်ပြီး လွတ်မြောက်နေသူများကိုလည်း အမြန် ဖမ်းမိရေး ကြိုးပမ်းနေသည်ဟု ထုတ်ပြန်ထားသည်။