ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်မြို့နယ်နှင့် ကုန်ကြမ်းမြို့နယ်တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အမိန့် ထပ်မံ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.
လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပေဒ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အများပြည်သူ လိုက်နာကျင့်သုံးနိုင်ရန်ဟု ဆိုကာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးရုံးက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။
.
လုံခြုံရေး တာဝန်ရှိသူမှအပ မည်သူမဆို အမိန့်တစ်စုံတစ်ရာ မပါဘဲ ည ၉ နာရီမှ နံနက် ၅ နာရီထိ သွားလာခွင့် မပြုကြောင်းနှင့် လမ်းများ၊ အများ ပြည်သူနှင့် ဆိုင်သည့် နေရာများတွင် လူ ၅ ဦးထက် ပိုပြီး စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ် ပြုခြင်းများ မပြုလုပ်ရဟု ယင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
.
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်၍ ပုဒ်မ ၁၄၄ အား ၂ လတစ်ကြိမ် ထုတ်ပြန်လာခြင်း ဖြစ်ပြီး လက်ရှိတွင်လည်း ဒေသအတွင်း၌ တိုက်ပွဲများ ဖြစ်ပွား ဖြစ်ပွားနေလျက် ရှိကြောင်း သိရသည်။
.
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊ ပုဒ်မ ၅၆ တွင် ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
.
#KBZTai #Shan #Kokang #10Sep2021