ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ-မိုင်လားရှိ ဝမ်တာပင်း ပူးပေါင်း စစ်ဆေးဂိတ်ကို ယမန်နေ့စက်တင်ဘာလ ၁၆ ရက်မှ စတင်၍ ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
.
ဝမ်တာပင်း ပူးပေါင်းစစ်ဆေးရေးဂိတ်အား ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်က ပိတ်ထားခဲ့ရာ ဂိတ် ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ယခင်က UWSA အပါအဝင် ကုန်သည်များ၊ လုပ်ငန်းရှင်များက အကြိမ်ကြိမ် တောင်းဆို ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း လုံခြုံရေးအရဟု ဆိုကာ ဖွင့်လှစ်ခြင်း မပြုခဲ့ပေ။
.
ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်က တသခ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ဝမ်တာပင်း ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်နိုင်ရေးအတွက် သွားရောက် ကြည့်ရှုစစ်ဆေး၍ ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ၆ ရက်အကြာတွင် ဂိတ်ကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။
.
လက်ရှိတွင် မိုင်းလားဒေသ၌ လူနှင့် ယာဉ် အဝင်/အထွက် ကန့်သတ်မှုများ ရှိနေသကဲ့သို့ တရုတ်နိုင်ငံဘက်တွင်လည်း ကုန်စည် တင်ပို့မှုကို ကန့်သတ်မှုများ ရှိနေသေးသဖြင့် အဆိုပါ ဂိတ်ပြန်လည် ဖွင့်လှစ်မှုမှာ ကုန်စည်စီးဆင်းမှုအား လတ်တလောအကျိုးသက်ရောက်မှု မရှိနိုင်သေးကြောင်း လုပ်ငန်းရှင်အချို့က သုံးသပ်ထားသည်။