ကျောက်မဲမြို့နယ်၊ ဟူးကွက်ကျေးရွာသား ၂ ဦးသည် ယနေ့ စက်တင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းက ရွာ အနီး၌ မိုင်းနင်းမိသဖြင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
ဟူးကွက်ကျေးရွာနေ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦးတို့သည် ရွာ၏ မြောက်ဘက်ရှိ လက်ဖက်ခြံသို့ လည်းကောင်း၊ နွားရှာရန် အတွက် လည်းကောင်း သွားနေစဉ် မိုင်း နင်းမိပြီး ပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း ဒဏ်ရာရသူများမှာ အသက် ၆၀ ခန့်ရှိ အမျိုးသားနှင့် အသက် ၄၀ ခန့်ရှိ အမျိုးသမီးတို့ ဖြစ်ပြီး ၎င်းတို့အား ဟူးကွက်ကျေးရွာ ပရဟိတယာဥ်ဖြင့် ကျောက်မဲမြို့ပေါ်သို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အမျိုးသမီး၏ ဒဏ်ရာမှာ စိုးရိမ်ရသည်ဟု သိရသည်။
.
ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်တွင် SSPP၊ TNLA
ပူးပေါင်းတပ်ဖွဲ့နှင့် RCSS တပ်ဖွဲ့တို့၏ တိုက်ပွဲကြောင့် ဟူးကွက်ကျေးရွာအတွင်း လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့သဖြင့် နေအိမ် ၄ လုံး ထိမှန် ပျက်စီးခဲ့သည့် အပြင် ရွာသား အချို့ ထိမှန် ဒဏ်ရာများ ရရှိခဲ့ဖူးသည်။