နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွား ကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ် အနီး၌ စက်တင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းက ငွေကျပ် ၁ ဒသမ ၈၉ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်း အဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်- မန္တလေးသွား ကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ် အနီး၌ သတင်းအရ သီပေါမှ မန္တလေးသို့ လှစိုးဦး (ခ) လှဦး မောင်းနှင်လာသည့် CANTER ၆ ဘီးမော်တော်ယာဉ်အား ရှာဖွေရာ ယာဉ်နောက်ခန်းတွင် စက္ကူဂျပ်ဖာအဟောင်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ် ၃၈ အိတ် အတွင်းမှ ဒေသကာလတန်ဖိုးငွေ ကျပ် ၁ ဒသမ ၈၉ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၁၈ ဒသမ ၃၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း CCDAC က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ ကွင်းဆက်အရ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာ အနီး၌ မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်ဇေ နှင့် အောင်စိုး တို့အား Honda Airwave မော်တော်ယာဉ်နှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို သီပေါမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါး သယ်ယူသူနှင့် ပူးပေါင်း ပါဝင်သူ ၃ ဦးအား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။