ဆီ သုံးစွဲမှုများကို ချွေတာနိုင်ရေးအတွက် လျှပ်စစ် စွမ်းအားဖြင့် အသုံးပြုနိုင်သည့် သယ်ယူပို့ဆောင်ရေး နည်းလမ်းများ ဥပမာအားဖြင့် - လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား စသည်ဖြင့် စဉ်းစားလုပ်ဆောင်ရမည်ဟု စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
.
လားရှိုးမြို့ရှိ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား စက်တင်ဘာလ ၁၉ ရက်က တွေ့ဆုံ အမှာစကား ပြောကြားစဉ် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ သစ်တောဖုံးလွှမ်းမှုနှင့် သစ်တော စိုက်ခင်းများ အောင်မြင်သည်ကို တွေ့ရှိရသည့် အတွက် ဝမ်းမြောက်မိကြောင်း၊ နည်းပညာမြင့်သစ်တောထုတ်ကုန် လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပြီး ဒေသတွင်း သယံဇာတကြွယ်ဝသည့် သစ်နှင့် ဝါး ကုန်ချောထုတ်ကုန်များ ထုတ်လုပ်နိုင် ရေး၊ ဆန်နှင့် ပတ်သက်၍ တစ်ဧက အထွက်နှုန်း ယခုထက် တိုးတက်အောင် လုပ်ဆောင်စေလိုကြောင်းကိုလည်း ဥက္ကဌက ၎င်း၏ အစိုးရအဖွဲ့ဝင်များကို မှာကြားခဲ့သည်။
.
ထို့အပြင် လားရှိုးမြို့ကို ဗဟိုပြု၍ စိုက်ပျိုး မွေးမြူရေး သိပ္ပံ သို့မဟုတ် ကောလိပ် တစ်ခုဖွင့်လှစ် အခြေတည်နိုင်ရေးကို လုပ်ဆောင်ပေးမည်ဟုလည်း ပြောဆိုခဲ့သေးသည်။
.
အဆိုပါ တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးတာသိန်းဇော် တို့က COVID -19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။