မြန်မာ-တရုတ် ကုန်သွယ်မှု ပမာဏ ဆက်လက် ကျဆင်းနေဆဲ ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာ-တရုတ် ကုန်သွယ်မှု ပမာဏ ဆက်လက် ကျဆင်းနေဆဲ ဖြစ်


စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလမှစ၍ စုစုပေါင်း နိုင်ငံခြား ကုန်သွယ်မှုအပြင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပါ ထက်ဝက်နီးပါး ကျဆင်းခဲ့ပြီး လက်ရှိ အခြေအနေတွင်လည်း ဆက်လက် ကျဆင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

.
တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု တန်ဖိုးသည် စုစုပေါင်း ကုန်သွယ်မှု၏ သုံးပုံ၊ တစ်ပုံကျော် ပမာဏဖြင့် ဆက်ရှိနေကာ စစ်အာဏာ မသိမ်းခင် ဇန်နဝါရီလတွင် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၆၀ဝ ကျော် ရှိပြီး တရုတ်နှင့် ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ သန်း ၁၂၀ဝ ကျော် ရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖေဖော်ဝါရီလမှ စ၍ စုစုပေါင်း နိုင်ငံခြား ကုန်သွယ်မှုအပြင် တရုတ်နှင့် ကုန်သွယ်မှုပါ ထက်ဝက်နီးပါး ကျဆင်းခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအပေါ် ကိုးကား၍ ပြုလုပ်သည့် ISP Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။
.
ထို့အတူ ယနေ့ စက်တင်ဘာလ ၂၁ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်များ ပိတ်ထားသဖြင့် မူဆယ်နယ်စပ်သို့ ဒေသသုံး ကုန်ပစ္စည်း အနည်းငယ်မျှသာ ဝင်ရောက်ကြောင်း ဖော်ပြပါရှိသည်။
.
မြန်မာ-တရုတ် ကုန်သွယ်မှုတွင် မူဆယ်ရှိ ကျင်စန်းကျော့ဂိတ်နှင့် ဝမ်တိန်ဂိတ်တို့သည် နှစ်နိုင်ငံ ကုန်သွယ် စီးဆင်းမှု အဓိကလမ်းကြောင်းများ ဖြစ်ကာ အဆိုပါ ဂိတ်များကို တရုတ်နိုင်ငံဘက်က COVID-19 ကူးစက်မှု ကာကွယ်ထိန်းချုပ်မှု အကြောင်းပြချက်ဖြင့် ပိတ်သိမ်းထားခြင်း ဖြစ်သည်။
.
မြန်မာ-တရုတ် ပို့ကုန်သွင်းကုန် အခြေအနေမှာ အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ ကျဆင်းခဲ့ရာမှ မေလတွင်  အမေရိကန်ဒေါ်လာ ၁၁၃၁ ဒသမ ၄၈၃ သန်းဖြင့် ပြန်တက်လာခဲ့‌သော်လည်း စစ်အာဏာ မသိမ်းခင် ဇန်နဝါရီလက ရှိခဲ့သော အမေရိကန် ဒေါ်လာ သန်း ၁၂၀ဝ ကျော် ပမာဏကို ပြည့်မီခြင်း မရှိသေးကြောင်း သိရသည်။
.
မြန်မာနိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၂၃၆ ခုနှင့် ကုန်သွယ်မှု ပြုလုပ်နေပြီး ယင်းအနက် တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး မြန်မာ့နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းတန်ဖိုး၏ သုံးပုံတစ်ပုံခန့် ရှိရာ အဆိုပါပမာဏသည် ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သော ထိုင်းနိုင်ငံထက် နှစ်ဆကျော် ပို များပြီး၊ တတိယနေရာတွင် ရှိနေသော စင်ကာပူထက် သုံးဆကျော် ပိုများကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအချက်အလက်များအရ သိရသည်။
.
လက်ရှိ မူဆယ်နယ်စပ် အခြေအနေတွင် နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် မြန်မာဘက်မှ ကုန်တင်ယာဉ်များ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက် တင်ပို့နိုင်ခြင်း မရှိဘဲ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ဒေသသုံးကုန်ပစ္စည်းနှင့် ကုန်တင်ယာဉ် အနည်းငယ်သာ ဝင်ရောက်မှု ရှိကြောင်း သိရသည်။
.

ထို့အပြင် မြန်မာ-တရုတ် ကုန်သွယ်မှု ပြုလုပ်ရာတွင် အရေးပါသော ကျိုင်းတုံ - မိုင်းလားလမ်းရှိ ဝမ်တာပင်းဂိတ်အား ပြီးခဲ့သည့် ရက်ပိုင်းက ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိနိုင်ငံ‌ရေးနှင့် COVID-19 အခြေအနေများကြောင့် ကုန်သွယ်မှု လုပ်ငန်းမှာ ထိရောက်မှု မရှိဘဲ ဖြစ်နေကြောင်း သိရသည်။

.

အာဏာမသိမ်းမီ ၄ လတာ ကာလနှင့် အာဏာသိမ်းပြီးနောက် ၄ လတာ ကာလ၏ ကုန်သွယ် ပမာဏ နှိုင်းယှဉ်ချက်အရ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖြစ်သည့် မူဆယ်တွင် အမေရိကန်ဒေါ်လာ ၇၇၅ ဒသမ ၃၂၁ သန်း၊ လွယ်ဂျယ်တွင် အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၅၄၅ သန်း၊ ချင်းရွှေဟော်တွင် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၀၃၉ သန်း၊ ကန်ပိုက်တီတွင် အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၄၃၅ သန်း၊ ကျိုင်းတုံတွင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၆၁၂ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၉၀ ဒသမ ၉၅၂ သန်းထိ လျော့နည်းခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats