ရှမ်းပြည်နယ်တောင်ပိုင်းရှိ အာလူးစိုက်တောင်သူများသည် အာလူးဈေး မကျဆင်းရန် မျှော်လင့်နေကြကြောင်း သိရသည်။
.
ဒေသတွင်း ကုန်စည်ဒိုင်များ တည်ရှိရာ အောင်ပန်းမြို့၏ စက်တင်ဘာလ ၂၅ ရက် အာလူး ပေါက်ဈေးမှာ တစ်ပိဿာလျင် မျက်နီ S2 ဆိုဒ် ၁၅၀၀ ကျပ်၊ မျက်နီ S1 ဆိုဒ် ၁၄၀၀-၁၄၅၀ ကျပ်၊ မျက်နီ OK ဆိုဒ် ၉၈၀-၁၀၅၀ ကျပ်၊ ဒေသ S1 ဆိုဒ် ၁၂၀၀-၁၄၅၀ ကျပ်၊ ဒေသ OK ဆိုဒ် ၉၀၀-၉၅၀ ကျပ်၊ A1/အဆွဲ ၅၃၀-၇၀၀ ကျပ် ဖြစ်သည့်အတွက် လတ်တလော အခြေအနေအရ အာလူးဈေးမှာ ကောင်းမွန်နေလျက် ရှိကြောင်း သိရသည်။
.
တရုတ်နိုင်ငံမှ နှစ်စဉ် တရုတ်အာလူး တန်ချိန် သိန်းနှင့်ချီ တင်သွင်းမှုသည် ယခုနှစ်တွင် COVID-19 ကန့်သတ်ချက်အရ ရပ်နားခဲ့သဖြင့် ယခုကဲ့သို့ ဒေသ အာလူးဈေး ကောင်းမွန်လာခြင်း ဖြစ်သည်ဟု အာလူးကုန်သည်များက သုံးသပ်သည်။
ယင်းကဲ့သို့ အာလူးဈေးနှုန်း ကောင်းမွန်သော်လည်း မြေဩဇာ ဈေးနှုန်းမှာ မြင့်တက်နေသည့်အတွက် အာလူးဈေး ကျဆင်းသွားပါက တောင်သူများ ယခင်နှစ်များနည်းတူ အရှုံးပေါ်နိုင်ကြောင်း သိရသည်။
.
" အခုတော့ အာလူးဈေး ကောင်းနေတယ်။ ဒါပေမဲ့ မြေဩဇာ တစ်အိတ်ကို ၄၅၀၀၀ ကျပ်ကနေ ၆၀၀၀၀ ကျပ်အထိ ပေးဝယ်ရတယ်၊ လုပ်အားခလည်း ရှိသေးတယ်။ အခု ဈေး အောက်ရောက်ရင်တော့ အရှုံးပေါ်ပြီ။" ဟု အာလူးစိုက်တောင်သူ တစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင် အာလူးကို ဘော်ဆိုင်း၊ ဟဲဟိုး၊ ပင်လောင်း၊ နောင်တရား၊ ရွာငံ၊ ပင်းတယ၊ ကျုံး၊ မြင်းမူး စသည့် ဒေသများ၌ ရေသွင်းနှင့် ကုန်းပေါ် နည်းစနစ်များဖြင့် စိုက်ပျိုးကြခြင်း ဖြစ်သည်။
.
ရေသွင်းစနစ်ကို နှစ်စဉ် ဇန်နဝါရီလတွင် စတင်စိုက်ပျိုးပြီး ဧပြီ၊ မေလများတွင် ထွက်ရှိကြောင်း သိရသည်။
.
ထို့အတူ ကုန်းပေါ် စနစ်ကို ဧပြီနှင့် မေလများတွင် တစ်ကြိမ်၊ ဇူလိုင်နှင့် သြဂုတ်လတွင် တစ်ကြိမ် စိုက်ပျိုးကြကာ ဇူလိုင်နှင့် သြဂုတ်လများတွင် တစ်ကြိမ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် တစ်ကြိမ် ထွက်ရှိကြောင်း သိရသည်။