ကျိုင်းတုံမြို့တွင် အမှိုက်သိမ်းလုပ်ငန်း လုပ်ကိုင်ခွင့် ရထားသော ပုဂ္ဂလိကကုမ္ပဏီ ဖြစ်သည့် စိန်ရေကန်က အမှိုက်သိမ်းခကို စက်တင်ဘာလမှစ၍ ၂ ဆတိုးမြှင့်၍ ကျပ် ၄၀၀၀ ကောက်ခံခြင်းကို အောက်တိုဘာလမှ စ၍ ကျပ် ၃၀၀၀ သို့ ပြန်ပြင် သတ်မှတ်ထားသည်ဟု သိရသည်။
.
စိန်ရေကန် အမှိုက်သိမ်းကုမ္ပဏီက စက်သုံးဆီစျေးနှုန်း၊ အမှိုက်သိမ်းယာဥ်များ ဝယ်ယူရခြင်း၊ ဝန်ထမ်းလစာ လုပ်ခများအတွက် ကုန်ကျစရိတ်မှာ ကောက်ခံရငွေနှင့် မကာမိ၍ ၂ ဆ တိုးမြှင့်မည်ဟု ကျိုင်းတုံစည်ပင်သာယာရေးဌာနထံ တင်ပြထား၍ ဈေးနှုန်းကို ၂ ဆ တိုးမြှင့်ခြင်းအစား ကျပ် ၃၀၀၀ သာ သတ်မှတ်ရန် ညှိနှိုင်းဆွေးနွေးထားသည်ဟု စက်တင်ဘာလ ၁၇ ရက်တွင် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနက ထုတ်ပြန်သည်။
.
သို့သော် ကုမ္ပဏီက အမှိုက်သိမ်းခကို စက်တင်ဘာလအတွင်း ၂ ဆ တိုးမြှင့်သတ်မှတ်နှုန်း ကျပ် ၄၀၀၀ ဖြင့် ကောက်ခံထားရာ လာမည့်လတွင် ကျပ် ၃၀၀၀ ကောက်ခံမည် ဖြစ်ပြီး စက်တင်ဘာလအတွင်းက ကောက်ခံထားသည့် အမှိုက်သိမ်းခမှ ကျပ် ၁၀၀၀ ကို ခုနှိမ်မည်ဟု ဆိုသည်။
.
အဆိုပါ အမှိုက်သိမ်းကုမ္ပဏီအနေဖြင့် ပုံမှန်အမှိုက် မသိမ်းခြင်း၊ အမှိုက် သိမ်းရာတွင် အချို့အမှိုက်များ ချန်ထားခဲ့ခြင်းများ ရှိနေသည်ဟု ဒေသခံများက အဆိုပါကုမ္ပဏီ၏ ဝန်ဆောင်မှုအပေါ် ဝေဖန်နေကြချိန်တွင် အမှိုက်သိမ်းခကို ၂ ဆ တိုးမြှင့် သတ်မှတ်လာခြင်း ဖြစ်ကြောင်း သိရသည်။
.
အမှိုက်သိမ်းဆည်းခ နှုန်းထား တိုးမြှင့် ကောက်ခံပါက ဝန်ဆောင်မှု ပိုကောင်းရန်ကိုလည်း အမှိုက်သိမ်းဆည်းခွင့်ရ ကုမ္ပဏီအား ညွှန်ကြားထားသည်ဟု စည်ပင်သာယာရေးဌာနက ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
.
[ ဖော်ပြပါသတင်းသည် Tachileik News Agency ၏ သတင်း ဖြစ်ပြီး ကမ္ဘောဇတိုင်း နှင့် Tachileik News Agency တို့သည် MASS အဖွဲ့ဝင် မဟာမိတ်များ ဖြစ်သည်။ ]