ရှမ်းပြည်နယ်အတွင်း၌ စစ်ရှောင် ပြည်သူ ၈၀၀၀ ခန့် ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း၌ စစ်ရှောင် ပြည်သူ ၈၀၀၀ ခန့် ရှိလာ


ရှမ်းပြည်နယ် အတွင်း စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင် အဖြစ် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် ဒေသခံ ပြည်သူ ၈၀၀၀ ဦးခန့် ရှိ‌လာကြောင်း သိရသည်။

.
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်မြို့နယ်၌ ၂၁၀၀ ဦးကျော်ခန့်၊ သီပေါမြို့နယ်တွင် ၁၀၀၀ ဦးခန့်၊ ကျောက်မဲမြို့နယ်တွင် ၁၅၀၀ ဦးကျော်ခန့်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုင်းကိုင်မြို့နယ်၌ ၃၀၀၀ ဦးခန့်တို့သည် နီးစပ်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် စစ်ဘေးရှောင် အဖြစ်တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
.
" ကိုဗစ်ကလည်း မငြိမ်သေးဘူး၊ နယ်မြို့တွေမှာ ကူးစက်မှု ပို များလာတယ်လို့တောင် ပြောလို့ရတယ်။ တစ်နိုင်ငံလုံးမှာလည်း အများဆုံး ပြည်နယ်က ရှမ်းပဲ။ ကိုဗစ်ဒဏ်ကို ခံနေရတုန်း၊ စစ်ဘေးဒဏ်ကို ခံနေရတာကလည်း ခုဆို ၃ လလောက် ရှိနေပြီ၊ ပျဉ်းမျှပေါ့။ အပြစ်မဲ့ ပြည်သူတွေပါ။" ဟု စစ်ရှောင်များအား ကူညီပေးနေသူ တစ်ဦးက ပြောသည်။
.


ပြီးခဲ့သည့် ဇွန်လမှ စတင်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း သော်လည်းကောင်း၊ စစ်ကောင်စီတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ကြား သော်လည်းကောင်း ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် စစ်ရေးတင်းမာမှု အခြေအနေများကြောင့် ဒေသခံပြည်သူများသည် COVID-19 ရိုက်ခတ်မှု ဒဏ်နှင့်အတူ စစ်ဘေးဒဏ်ကိုပါ ယနေ့တိုင် တစ်ပြိုင်တည်း ခံနေကြရသည်ဟု သိရသည်။
.
စစ်ဘေးရှောင် ပြည်သူများသည် ကာလရှည်ကြာ တိမ်းရှောင်နေကြရသဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါးအပြင် အသုံးအဆောင်များပါ အရေးပေါ် လိုအပ်နေလျက် ရှိကြောင်း သိရသည်။
.
" အစားအသောက်ကတော့ လိုတယ်၊ အခုက မိုးတွင်းဆိုတော့ မိုးကာတွေလည်း လိုနေတယ်၊ လိုတာက အကုန်ပဲ။ "ဟု စစ်ရှောင် တစ်ဦးက ပြောသည်။
.
အဆိုပါ စစ်ဘေးရှောင်စခန်းများတွင် COVID-19 ကူးစက် ခံရမှုများလည်း ရှိနေရာ ကျောက်မဲမြို့နယ်နှင့် မူဆယ်မြို့နယ်တို့၌ ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်ထိ COVID-19 ပိုး ရှိသူ စစ်ဘေးရှောင် ၃၀၀ ဦးခန့် တွေ့ရှိထားကြောင်း သိရသည်။
.
မိုင်းကိုင်မြို့နယ် သံဃာ့ဩဝါဒခံနာရေးကူညီမှုအသင်းက RCSS နှင့် SSPP တို့ကြား တိုက်ပွဲများ  လျှော့ချပေးရန် စက်တင်ဘာလ ၂၂ ရက်တွင် မေတ္တာရပ်ခံစာ ထုတ်ထားသည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရန်အတွက် နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများကပါ တောင်းဆိုနေလျက် ရှိသည်။

Journal Download

Photo of three cats