Stay at Home သတ်မှတ်ထားသည့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် အစားအသောက်နှင့် ဆေးဝါးများ လိုအပ်နေလျက် ရှိကြောင်း သိရသည်။
.
" ၅/၁ ( ၅ အိမ်လျင် ၁ အိမ်)နှုန်းလောက် လိုအပ်နေပါတယ်။ ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးတွေ အဓိက လိုအပ်တာပါ။ ကပ်ရောဂါကြောင့် ဒေသထွက်ကုန်တွေ ရောင်း/ဝယ်မှု မဖြစ်ထွန်းတာကြောင့်နဲ့ စီးပွားရေး အဆင်မပြေတာကြောင့် တော်တော်များများက စားဝတ်နေရေးကြပ်တည်းနေတာပါ။ ရောဂါအခံ ရှိကြသူတွေလည်း များတော့ ဆေးဝါး လိုအပ်ချက်က ပို ရှိနေတာပါ။ " ဟု ဟဲယာရွာမ ပန်းပဲ ပရဟိတလူငယ်အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။
.
ဟဲယာရွာမကျေးရွာ၊ ပန်းပဲရပ်ကွက် အခြေစိုက်ပရဟိတလူငယ်အဖွဲ့ကို ပြီးခဲ့သည့် ဇူလိုင်လမှ စတင်၍ ဖွဲ့စည်းခဲ့ပြီးနောက် အများပြည်သူ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် ငွေနှင့် ဆက်စပ်ပစ္စည်း၊ စားနပ်ရိက္ခာ၊ ဆေးဝါး စသည်ဖြင့် စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၃၀၀ ကျော်ခန့်ကို ပရဟိတအဖွဲ့ဝင် ၂၅ ဦးကျော်ခန့်က ဟဲယာရွာမ အပါအဝင် အနီးဝန်းကျင်ရှိ ရွာများသို့ ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
" အင်းလေးက ရွာပေါင်း ၂၀၀ လောက် ရှိတာဆိုတော့ ကျွန်တော်တို့ အနေနဲ့ မလွှမ်းခြုံနိုင်ဘူး၊ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်။" ဟု ၎င်းက ပြောသည်။
.
ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်မှ စတင်၍ Stay at Home သတ်မှတ်ထားသည့် ညောင်ရွှေမြို့နယ်တွင် COVID-19 တတိယလှိုင်းကာလ ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်အထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၂၉၃၆ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၁၀၀ ဦးနှင့် ပိုး ကင်းစင်သူ ၂၀၉၉ ဦး ရှိသည်။
.
လတ်တလောတွင် COVID-19 ဖြင့် သေဆုံးနှုန်း လျော့နည်းလာသော်လည်း စားဝတ်နေရေး ကြပ်တည်းမှုမှာ ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
.
" ဒေသတွင်း လုပ်ငန်းတွေ ရပ်နားနေတာကြောင့်ရယ်၊ ဒေသထွက်ကုန်တွေ အရောင်းအဝယ် မဖြစ်ထွန်းတာရယ်ကြောင့် စားဝတ်နေရေး ကြပ်တည်းမှုက ရှိနေတုန်းပါ။ အလှူရှင်တွေလည်း ကြာလာတော့ ပန်းနေကြပြီ။ ဒါကို ဖြေရှင်းဖို့ အသင်းအဖွဲ့ ရေရှည် ရပ်တည်နိုင်အောင် လုပ်ဆောင်ဖို့လည်း စီစဉ်နေပါတယ်။" ဟု စေတနာ့ဝန်ထမ်း တစ်ဦးက ဆိုသည်။
.
အင်းလေးဒေသရှိ ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် ဆေးဝါး လိုအပ်ချက်များကို ကူညီ လှူဒါန်းလိုသူများ အနေဖြင့် ဟဲယာရွာမ ပန်းပဲ ပရဟိတလူငယ်အဖွဲ့ (ဖုန်း ၀၉၄၂၈၃၄၁၈၃၄) အပြင် အခြား ပရဟိတအဖွဲ့များသို့လည်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။