တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ COVID-19 ကူးစက်ပျံ့နှံ့မှုအား ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် စည်ပင်သာယာရေးဌာနပိုင် ဈေးများအား ပိတ်သိမ်းထားသည့်အတွက် ဆိုင်ခန်း ပိုင်ရှင်များ အနေဖြင့် ဝင်ငွေ မရှိဘဲ ဖြစ်နေသောကြောင့် ဆိုင်ခန်းခများအား ဖြေလျော့ပေးရန် မျှော်လင့်နေကြောင်း သိရသည်။
.
" ဈေးတွေ ပိတ်ထားတာ ကြာပြီပေါ့။ ဈေးပိတ်လိုက်လို့ ဈေး မရောင်းရပေမယ့် ဆိုင်ခန်းခတော့ ပေးနေရတယ်ပေါ့။ ဈေး ပိတ်တဲ့ အပေါ်မှာတော့ ဘာမှ မပြောလိုဘူး။ ဘာမှ မရောင်းရတဲ့ ဆိုင်ခန်းကို အခွန် ကောက်တာမျိုးတော့ မဖြစ်သင့်ဘူးပေါ့နော်။" ဟု တောင်ကြီးမြို့ခံ ဈေးဆိုင်ခန်း ပိုင်ရှင် တစ်ဦးက ပြောသည်။
.
COVID-19 ကူးစက်ပျံ့နှံ့မှုအား ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေးဌာနများက ယင်းဌာနပိုင် ဈေးများအား ပိတ်သိမ်းစေခဲ့သော်လည်း ဆိုင်ခန်းခ ကောက်ခံမှုအား ဖြေလျော့ပေးခြင်း မရှိသည့် အတွက် ဆိုင်ခန်းပိုင်ရှင် အချို့၏ ဝေဖန်မှု ထွက်ပေါ်နေရခြင်း ဖြစ်သည်။
.
Stay at Home သတ်မှတ်ထားသော မြို့နယ်များ အပါအဝင် မြို့နယ်အချို့၌ COVID-19 ထိန်းချုပ်ရေးအတွက် စည်ပင်သာယာရေးဌာနပိုင် ဈေးများ အပါအဝင် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးအရောင်းဆိုင်များ မှအပ ကျန်ဆိုင်များ အားလုံးကို ပိတ်ခိုင်းထားသည့် အပြင် ယာယီဈေးများကို သတ်မှတ်ချိန်အတွင်းသာ ရောင်းချစေလျက် ရှိကြောင်း သိရသည်။
.
" အရင် ပထမလှိုင်းတုန်းကလည်း အခုလိုပဲ ပိတ်တယ်၊ ပြီးတော့ ယာယီဈေးလည်း လုပ်တာပဲ။ ဆိုလိုချင်တာက ဈေးပိတ်တာနဲ့ ယာယီဈေး လုပ်တာက အဆက်ဆက် မှားယွင်းမှုလို့ပဲ ဆိုရမလားပဲ။ ဒါပေမယ့်လို့ အရင်တုန်းက နိုင်ငံရေး တည်ငြိမ်တော့ တခြားနည်းနဲ့ လုပ်စားစရာ ရှိတယ်။ ခုကြတော့ ဒီနိုင်ငံရေး အခြေအနေနဲ့ ကပ်ရောဂါကြားမှာ သောက များနေရတယ် ဆိုရမှာပေါ့။ " ဟု ဈေးဆိုင်ခန်း ပိုင်ရှင် တစ်ဦးက ပြောသည်။
.
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ရှမ်းပြည်နယ် စည်ပင်သာယားရေးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် သက်ဆိုင်ရာ မြို့နယ်အလိုက် စည်ပင်သာယာရေးဌာနများအား အခြားအုပ်ချုပ်ရေးဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆွေးနွေးပြီး ပြန်လည် တင်ပြရန် ညွှန်ကြားထားကာ ယင်း တင်ပြလာမှု အပေါ် စိစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
.
" မြို့နယ်အလိုက် ဘုတ်အဖွဲ့တွေနဲ့ ဆွေးနွေးပြီး တင်ပြဖို့တော့ မူဘောင်တွေ ချပေးထားပါတယ်။ ဒါပေမဲ့ ဆိုင်ခန်းပိုင်ရှင်တွေကလည်း စည်ပင်အနေနဲ့ မတွက်ဘဲ ရိုးရိုးပုဂ္ဂလိက အရပ်သား အနေနဲ့ တွက်ကြည့်လိုက်ရင် လောလောဆယ် ခေတ္တ အဆင်မပြေသေးတာပဲ ရှိမှာ၊ ပေးဖို့တော့ တာဝန် ရှိနေတာပေါ့။ ကျွန်တော်တို့ စည်ပင်က အခွန်လျှော့လို့ မရတဲ့အထဲမှာ ဆိုင်ခန်းခွန်လည်း ပါတယ်။" ဟု ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူက ပြောသည်။
.
ထို့အတူ ပိတ်သိမ်းထားသည့် ဈေးများနှင့် အရောင်းဆိုင်များ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ရှမ်းပြည်နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေးတွင် တင်ပြသွားမည်ဟုလည်း ယင်း တာဝန်ရှိသူက ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်အလိုက် စည်ပင်သာယာရေးဌာနများမှ ၂၀၂၁ -၂၀၂၂ ခု ဘဏ္ဍာရေးနှစ်၏ ၆ လ ကာလအတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များအား ယခု စက်တင်ဘာလအတွင်း ရောင်းချမှုများကို ဆောင်ရွက်နေကြောင်း သိရသည်။
.
#KBZTai #Shan #News #11Sep2021