တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသရှိ ၄ နှစ်ကြာ ရပ်နားထားသည့် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ၏ စီမံကိန်းများ ပြန်စရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။
.
MEC နှင့် ရုရှားအစိုးရပိုင် Tyazhpromexport တို့ ဖက်စပ် ဆောင်ရွက်သော အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းကို ၂၀၀၄ ခုနှစ်က စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး၂၀၁၇ ခုနှစ်တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ရပ်နားခဲ့ခြင်း ဖြစ်သည်။
.
စက်ရုံစီမံကိန်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန် ကျပ်ငွေ ဘီလီယံ ၇၀ ကျော် လိုအပ်ခြင်း၊ လုပ်ဆောင်သည့် နည်းပညာအား တိကျစွာ မသိရခြင်း၊ ဈေးကွက် တွက်ချေကိုက်မှုကို ဆန်းစစ်ရန် လိုအပ်ခြင်း စသည့် အခြေအနေများကြောင့်ဟု ဆိုကာ လွှတ်တော်၏ မဲခွဲဆုံးဖြတ်ချက်ဖြင့် ရပ်နားခဲ့ခြင်း ဖြစ်သည်။
.
စက်ရုံ ရပ်နားစဉ် ကာလတွင် စီမံကိန်း လုပ်ငန်း ၉၈ ဒသမ ၆ ရာခိုင်နှုန်း ပြီးစီးနေသော်လည်း ယင်းကဲ့သို့ ရပ်နားခဲ့မှုအပေါ် ကန့်ကွက်မှုများလည်း ထွက်ပေါ်ခဲ့သေးသည်။
.
အဆိုပါ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းကို ပြန်လည် စတင်ရန်အတွက် ဇွန်လ၊ တတိယပတ် အတွင်းက ရုရှားနိုင်ငံ သံအမတ်နှင့် စစ်ကောင်စီ၏ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သည့် အပြင် ဇွန်လ ၁၉ ရက်ကလည်း စက်မှုဝန်ကြီးသည် စက်ရုံ စီမံကိန်းသို့ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
.
လက်ရှိတွင် စက်ရုံစီမံကိန်း ပြန်လည် စတင်ရန်အတွက် စက်ရုံဖွင့်နိုင်ရေး ကြီးကြပ်ကော်မတီကို ဖွဲ့စည်းထားပြီး ယင်းကော်မတီ အနေဖြင့် စက်ရုံဝန်ထမ်းများအား နည်းပညာ လွှဲပြောင်းပေးခြင်း (Technical Transfer) နှင့် စာတွေ့၊ လက်တွေ့ သင်တန်းအစီအစဉ် (Training Program) အတွက် ရုရှားအစိုးရမှ ကူညီထောက်ပံ့ရန် ကမ်းလှမ်း ထားသည့် ယူရို ၁၀ ဒသမ ၅ သန်း တန်ဖိုးရှိ နည်းပညာအကူအညီများ ရရှိနိုင်ရေး ရုရှားအစိုးရထံ တောင်းခံရမည့် လုပ်ငန်းအပါအဝင် ရုရှားဘက်မှ တောင်းဆိုထားသည့် ယုံကြည်စိတ်ချရသော သီးသန့် ဓါတ်အားလိုင်း [Reliable Power Supply (Independence Source)] ရရှိရေး စီမံ ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံပြန်တမ်းက ဖော်ပြသည်။
.
ထို့အတူ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)၏ စီမံကိန်းလုပ်ငန်းများ ပြီးစီးပါက တစ်နှစ်လျှင် သံစိမ်း (Pig Iron) တန်ချိန် ၂၀၀၀၀၀ ထုတ်လုပ်ရောင်းချနိုင်မည်ဟု စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.
ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ၂၀၀၉ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ခဲ့သော စီမံကိန်းများ အကြောင်း၊ ဒေသခံပြည်သူများအပေါ် ဆိုးကျိုးသက်ရောက်မှုများနှင့် အကြံပြုချက် အသေးစိတ်အချက်အလက်များ ပါဝင်သည့် “အနာဂတ်ကို လုယူဖျက်ဆီးခြင်း” အစီရင်ခံစာတွင် စီမံကိန်းကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ လူ ၇၀၀၀ ကျော်သည် ၎င်းတို့ နေအ်ိမ်များနှင့် လယ်ယာများကို ထာဝရ ဆုံးရှုံးရမည် ဖြစ်ကြောင်း၊ စက်ရုံသည် ဒေသခံ ပအိုဝ်းတိုင်းရင်းသားများနှင့် သဘာဝပတ်ဝန်းကျင်ကို ပြင်းထန်သော ဆိုးကျိုးများ ဖြစ်စေမည်ဟု ဖော်ပြထားသည်။